သတင်းများ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် လပွတ္တာမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာ၊ ရှင်စောမြတ်စေတီတော် ပုရဝုဏ်အတွင်းရှိ လောင်းဝေဿာန်ဓမ္မဗိမ္မာန်တော်၌ ကျင်းပပြုလုပ်သည့် “ဘုရား ဒါယိကာမ မွန်ဘုရင်မကြီး ရှင်စောပုကျောင်းဆောင်၊ ကျောင်းလွှတ်ပူဇာ” “မှန်လုံအာယုဘောဇန ဆွမ်းစားဆောင် ရေစက်ချလှူဒါန်းပွဲ”နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းပူဇော်သော အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်နှင့် အမေရိကန်နိုင်ငံ BODHISAATRA UNIVERSITY(USA) မှ ဆက်ကပ်လှူဒါန်းသော“HONORARY DOCTOR OF PHILOSOPHY” ဘွဲ့တံဆိပ်တော်တို့အား ထပ်ဆင့်ဆက်ကပ်လှူဒါန်းပူဇော်ပွဲ အလှူတော်မင်္ဂလာ အခမ်းအနား တက်ရောက်
သာသနာတော်နှစ်(၂၅၆၇)ခုနှစ်၊ကောဇာသက္ကရာဇ် (၁၃၈၅)ခုနှစ်၊ တပေါင်းလပြည့်ကျော် (၆)ရက်နေ့၊ ခရစ်နှစ် (၂ဝ၂၄) ခုနှစ်၊ ဘုရား ဒါယိကာမ မွန်ဘုရင်မကြီး ရှင်စောပုကျောင်းဆောင်၊ ကျောင်းလွှတ်ပူဇာ” “မှန်လုံအာယုဘောဇန ဆွမ်းစားဆောင် ရေစက်ချလှူဒါန်းပွဲ”နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းပူဇော်သော အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်နှင့် အမေရိကန်နိုင်ငံ BODHISAATRA UNIVERSITY(USA) မှ ဆက်ကပ်လှူဒါန်းသော“HONORARY DOCTOR OF PHILOSOPHY” ဘွဲ့တံဆိပ်တော်တို့အား ထပ်ဆင့် ဆက်ကပ်လှူဒါန်းပူဇော်ပွဲ အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လပွတ္တလုပ်တောင်ကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာ၊ ရှင်စောမြတ်စေတီတော် ပုရဝုဏ်အတွင်းရှိ လောင်းဝေဿာန် ဓမ္မဗိမ္မာန်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌနှင့် ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာ များနှင့်အလှူရှင်များ တက်ရောက်ခဲ့ကြသည်။ ဦးစွာ အခမ်းအနားအား ဆရာတော်အရှင်သူမြတ်များနှင့်ဧည့်ပရိတ်သတ်အပေါင်းတို့က “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ခဲ့ကြပြီး ထူးမခြားနားရောင်ခြည်တော်ဘွဲ့ (၃)ပိုဒ်ဖြင့် သီကျူးပူဇော်ခဲ့ကြသည်။ ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာမဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသ မဟာထေရ်မြတ်ထံမှ ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီးနောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွား ချီးမြှင့်တော်မူကြသည်။ ထို့နောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် သုံးခွမြို့၊ ရေလယ်ကျောင်း ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တနန္ဒာလင်္ကာရ အရှင်သူမြတ်က နတ်စင်တစ်ရာဆရာတော်၏ ထေရုပ္ပတ္တိကို ဖတ်ကြားချီးမြှင့်ခဲ့ပြီး နိုင်ငံကျော်ဇာတ်မင်းသား ရွှေမန်းချမ်းသာက မင်္ဂလာရွှေစည်တော်ဖြင့်တွဲဖက်၍ မင်္ဂလာရတုပိုဒ်စုံဖြင့် ချီးကျူးဂုဏ်ပြု ပူဇော်ခဲ့သည်။ ဆက်လက်၍ သန်လျင်မြို့ပင်မနယ်လှည့် သစ္စာအဓိဌာန်၊ စတုဒိသာ နတ်စင်တစ်ရာဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တပညာတေဇအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရက ဆက်ကပ်လှူဒါန်းသော အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့တံဆိပ်တော်ကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ကလည်းကောင်း၊ အမေရိကန်နိုင်ငံ " BODHISASTRA UNIVERSITY (USA) မှ ဆက်ကပ်လှူဒါန်းသော “HONORARY DOCTOR OF PHILOSOPHY” ဘွဲ့တံဆိပ်တော်ကို အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကလည်းကောင်း ထပ်ဆင့် ကပ်လှူပူဇော်ခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာ မဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသအမှူးပြုသော ဆရာတော်သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အလှူရှင်များကလှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော် ခဲ့ကြသည်။ ဆက်လက်၍ ရှင်စောပု ကျောင်းဆောင်နှင့် အာယုဘောဇန ဆွမ်းစားဆောင်တို့နှင့်ပတ်သက်သည့် စာရွက်စာတမ်းများ အလှူရှင်များမှ ပေးအပ်ခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ကလက်ခံရယူခဲ့ပြီးနောက် သန်လျင်မြို့၊ပင်မနယ်လှည့်သစ္စာအဓိဌာန်၊ စတုဒိသာနတ်စင်တစ်ရာ ဆရာတော်အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ ပညာတေဇက ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားခဲ့သည်။ ထို့နောက်နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာမဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသကလှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာတရား ဟောကြားချီးမြှင့်တော်မူခဲ့ကာ ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့ကဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားရုပ်သိမ်းခဲ့ကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာမဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် အမှူးပြုသောသံဃာတော် အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်းသိရသည်။


Read More...
30-Mar-2024
ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတက်မြောက်ရေးလုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်
၂၀၂၄ခုနှစ်၊ ဧပြီလတွင်ဆောင်ရွက်မည့် ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာ တက်မြောက်ရေးလုပ်ငန်း ဆောင်ရွက်မည့်အစီအစဉ်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁) တွင် ညနေပိုင်းတွင်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတက်မြောက်ရေးလုပ်ငန်း ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးပညာရေးမှူးမှ ဧရာဝတီတိုင်းဒေသကြီး ကျေးလက် ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတက်မြောက်ရေးလုပ်ငန်းကော်မတီဖွဲ့စည်းထားရှိမှု၊ နည်းပြ၊ ကြီးကြပ်နှင့်စာသင်သားများနှင့် စာသင်ဝိုင်းများ ဖွဲ့စည်းထားရှိမှု၊ ဗဟိုအဆင့်နည်းပြသင်တန်း တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းများ ဖွင့်လှစ်မည့်အခြေအနေများနှင့်သင်တန်း ဖွင်လှစ်မည့်အခြေအနေများအားရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများမှ အထွေထွေဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သင်တန်းနည်းပြ၊ ကြီးကြပ်များအတွက် သွားလာနေထိုင်ရေး၊ စားသောက်ရေးဆိုင်ရာကိစ္စများ အဆင်ပြေစေရေး၊ စာသင်သားများ စနစ်တကျစုစည်း ထားရှိနိုင်ရေး၊ စာသင်ဝိုင်းနေရာများရွေးချယ်ရေး နည်းပြများအနေဖြင့်လည်း စေတနာထားသင်ကြားပေးရေးနှင့် ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတက်မြောက်ရေးလုပ်ငန်း အောင်မြင်စေရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ပေးကြရန်မှာကြားခဲ့သည်။. ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတက်မြောက်ရေးလုပ်ငန်းအား နည်းပြ ၁၇၇၁ဦး၊ ကြီးကြပ် ၂၁၇ဦး၊ စာသင်သား ၂၅၀၁၆ဦး၊ စာသင်ဝိုင်း ၁၇၇၁ဝိုင်းဖြင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရသည်။


Read More...
29-Mar-2024
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် (၆၂) နှစ်မြောက် တောင်သူလယ်သမားနေ့ စကားဝိုင်းဆွေးနွေးပွဲရလဒ်များ အပေါ်ထပ်ဆင့်ရှင်းလင်းခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
(၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့ စကားဝိုင်းဆွေးနွေးပွဲရလဒ်များအပေါ် အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည်ပိုင်းက ပုသိမ်မြို့ ၊ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ ဝယ်ယူကြိတ်ခွဲသူ၊ တင်ပို့သူနှင့်သွင်းအားစု အစုအဖွဲ့များ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က (၆၂)နှစ်မြောက် တောင်သူလယ်သမားနေ့ စကားဝိုင်းဆွေးနွေးပွဲ ရလဒ်များအပေါ် အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ယခင်နှစ်တောင်သူလယ်သမားနေ့ စကားဝိုင်းဆွေးနွေးပွဲ ရလဒ်များအား အကောင်အထည်ဖော်ဆောင်ရွက်၍ မိုးစပါးတစ်ဧကလျှင် ၁၀တင်းနှုန်းတိုးတက် ထွက်ရှိစေရေး ရည်မှန်းချက်ထားဆောင်ရွက်ခဲ့ရာ မိုစပါး တစ်ဧကပျမ်းမျှအထွက်နှုန်း (၉)တင်းကျော်တိုးတက် ခဲ့ပါကြောင်း၊ ၂၀၂၃-၂၀၂၄ခုနှစ်မှ စတင်၍ ၂၀၂၅-၂၀၂၆ခုနှစ်အထိ (၃)နှစ်အတွင်းသီးနှံစုံ ပန်းတိုင်အထွက်နှုန်းရရှိစေရေးဆောင်ရွက်လျက် ရှိပြီး စားသုံးဆီဖူလုံ စေရေးအတွက် နေကြာအပါအဝင်မြေပဲ၊နှမ်းစသည့်ဆီထွက်သီးနှံများကိုလည်း တိုးချဲ့စိုက်ပျိုး လျက်ရှိပါကြောင်း၊ နေကြာစိုက်ပျိုးရာတွင်မြို့နယ်အလိုက် ၁၀ဧက စံပြကွက်များထူထောင် စိုက်ပျိုးခြင်းဖြင့် အောင်မြင်အောင်စိုက်ပျိုးနိုင်မှုများကို တောင်သူများမှ ပိုမိုသိရှိနားလည်းလာပြီဖြစ်ပါကြောင်း၊ စပါးစိုက်ပျိုးရာတွင် တိုက်ရိုက်အစေ့ချကိရိယာဖြင့် ပိုမိုစိုက်ပျိုးရန်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်းများရိတ်သိမ်း ပြီးဖြစ်၍ လာမည့်မိုးစပါးရာသီ ရေတော်မိုးတော် မိုးစပါးစိုက်ဧက (၂၇)သိန်းကျော်တွင် အပြည့်အဝထည့်သွင်းစိုက်ပျိုးနိုင်ရေး အစီအမံများ စနစ်တကျရေးဆွဲ ဆောင်ရွက်ရန်နှင့်မျိုးစေ့ထုတ်နိုင်ရေးအတွက်ပါ စုဆောင်းထားရှိရန်လိုပါ ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများထောက်ပံ့ပေးလျက်ရှိရာ တောင်သူများလက်ဝယ်ရောက်ရှိစေရေး၊ လုပ်ငန်းခွင်အမှန်တကယ်အသုံးပြုစေရေးနှင့် သတ်မှတ် စည်းကမ်းများနှင့်အညီ ဆောင်ရွက်စေရေးနှင့် ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ နေကြာ အောင်မြင်ဖြစ်ထွန်းရေးအတွက် ပျားမွေးမြူရေးလုပ်ငန်းများကို တိုးတက်အောင်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ မွေးမြူရေးဇုန်များဖော်ထုတ်လျက်ရှိပြီး စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းများကို တက္ကသိုလ်အသီးသီးနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ပိုမိုကောင်းမွန်သည့် ရလဒ်များပေါ်ထွက်လာမှာဖြစ်ပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် MSME လုပ်ငန်းများပိုမိုဖွံ့ဖြိုး တိုးတက်စေရေးဆောင်ရွက်ကြရမှာဖြစ်ပါ ကြောင်းနှင့် သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဆွေးနွေးပွဲရလဒ် များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ရမည့် အစီအမံများစနစ်တကျရေးဆွဲ ဆောင်ရွက်နိုင်ရေးနှင့် အောင်မြင်အောင်ဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေးပေးကြရန် အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ရောက်ရှိစေရေး ဆောင်ရွက်မည့်အစီအမံများအားလည်းကောင်း၊ တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ မွေးမြူရေးနှင့်ပတ်သက်သည့် ရလဒ်များအားလည်းကောင်း၊ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဦးစီးမှူးမှ ငါးမွေးမြူရေးနှင့်ပတ်သက်သည့် ရလဒ်များ အားလည်းကောင်းဆွေးနွေးတင်ပြခဲ့ကြသည်။ ထို့နောက် ခရိုင်စိုက်တိုးမြှင့်အဖွဲ့ ဥက္ကဋ္ဌအဖွဲ့များမှ သက်ဆိုင်ရာခရိုင်အလိုက်သီးနှံများပန်းတိုင်အထွက်နှုန်းရရှိစေရေးဆောင်ရွက်နေမှု၊ စားသုံးဆီ ဖူလုံစေရေးဆောင်ရွက်နေမှုများအားဆွေးနွေးတင်ပြခဲ့ကြသည်။ ဆက်လက်၍ ဝယ်ယူကြိတ်ခွဲ တင်ပို့သူနှင့်သွင်းအားစု အစုအဖွဲ့များမှ ဝယ်ယူကြိတ်ခွဲမှုဆိုင်ရာများအား ဆွေးနွေးတင်ပြမှု အပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ပြီး ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ လိုအပ်သည်များဖြည့်ဆည်း ဆွေးနွေးခဲ့ကြောင်းသိရသည်။


Read More...
29-Mar-2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားတက်ရောက်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်း ဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က "ယခုကဲ့သို့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားများကို ကျင်းပခြင်းအားဖြင့် တိုင်းဒေသကြီးအတွင်းရှိ အစိုးရဌာန အဖွဲ့အစည်းများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့် တာဝန်သူများအနေဖြင့် အဂတိလိုက်စားမှုမြောက်နိုင်သည့် ကိစ္စရပ်များကို သိရှိနားလည် နိုင်မှာဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါ ပြဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ပြီး အဂတိလိုက်စားမှု ဖြစ်ပေါ် နိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်လာနိုင်မှာဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် ကိုယ်ကျင့်တရားပျက်ယွင်းခြင်း ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုကိုကျူးလွန်ပါက အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူခံရမည့်အပြင် မိမိပတ်ဝန်းကျင်အသိုင်းအဝိုင်း တွင်လည်း ဂုဏ်သိက္ခာကျဆင်းမည်ဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်းများ သိရှိရှောင်ကြဉ်ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံဝန်ထမ်းများသည် အစိုးရ၏မူဝါဒများကို အကောင်အထည်ဖော်ရာတွင် အဓိကအရေးပါသူများဖြစ်ပြီး နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား ပေါင်းကူးတံတား ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊ တာဝန်ယူ၊ တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာဆောင်ရွက်နိုင်ရန် ကျောသား၊ ရင်သားမခွဲခြားဘဲ မျှတစွာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အဂတိကင်းရှင်းစွာ ဆောင်ရွက်ပေးပါက ဝန်ထမ်းများအပေါ် ပြည်သူများက ယုံကြည်မှုရှိလာပြီး ဝန်ထမ်းများ၏ ပုံရိပ်ကောင်းမွန်လာမှာဖြစ်ပါကြောင်း၊ အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော် တည်ဆောက်ရမှာ ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အသိပညာပေးလုပ်ငန်း များအား တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများတွင် ကဏ္ဍစုံ၊ ထောင့်စုံမှ ထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်နေသည် ကိုလည်းသိရှိရပါကြောင်း၊ ယခုအခမ်းအနားသို့တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိ သူများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် အသိအမြင် ဗဟုသုတများကို မိမိပတ်ဝန်းကျင်၊ အဖွဲ့အစည်းများသို့ ပြန်လည်မျှဝေပေးကြရန်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ပေးကြရန်" တိုက်တွန်း အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များ၊ နည်းပညာဆိုင်ရာ သင်တန်းပို့ချမှုများ၊ အသိပညာပေး ဆွေးနွေးဟောပြောပွဲကျင်းပမှုများ၊ အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားသို့တက်ရောက်လာကြသူများက စုပေါင်း မှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူး ဦးအေးမင်းသောင်းက အဂတိလိုက်စားမှု သဘောသဘာဝများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုး သက်ရောက်မှုများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများမှ သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေး ခဲ့ပါသည်။


Read More...
29-Mar-2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ဖွင့်လှစ်မည့် ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် (Guest List Management System- GLMS) အသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ စီစဉ်ကြီးကြပ်မှုဖြင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့်တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၏ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် ဧည်သည်စာရင်းစီမံခန့်ခွဲမှုစနစ် (Guest List Management System - GLMS) သင်တန်းကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပုသိမ်မြို့ရှိ တည်းခိုခန်းမှကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဧရာဝတီတိုင်းဒေသကြီးသည် ငွေဆောင်၊ ချောင်းသာကဲ့သို့ ထူးခြားသောကမ်းခြေများရှိခြင်းတို့ကြောင့် ခရီးသွားဧည့်သည်များ၊ နှစ်စဉ် တိုးတက်ဝင်ရောက်လျက်ရှိတာကို တွေ့ရှိရပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာ လကုန်အထိ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် (၁၆)သိန်းကျော်ဝင်ရောက်တည်းခိုခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီနှင့် ဖေဖော်ဝါရီ (၂) လတာကာလမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရီးသွားဧည့်သည် (၃)သိန်းကျော်ဝင်ရောက်တည်းခိုခဲ့ပြီးဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအနေနဲ့ နယ်မြေတည်ငြိမ် အေးချမ်းမှုရှိပြီးလမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုရှိတာကြောင့် ငွေဆောင်၊ ချောင်းသာကမ်းခြေဒေသကို လာရောက်ကြတဲ့ ခရီးသွားဧည့်သည်တွေဟာ ကိုဗစ်ကာလအပြီး နောက်ပိုင်းမှာ သိသိသာသာပိုမိုတိုးတက်လျက်ရှိရာ ခရီးသည်ဝင်ရောက်မှုစာရင်းများ စနစ်တကျမှတ်တမ်းထားရှိရန်လိုအပ်ပါကြောင်း၊ ဟိုတယ်၊ တည်းခိုရိပ်သာ၊ တည်းခိုခန်းများမှ နေ့စဉ်တည်းခိုကြတဲ့ ဧည့်သည်စာရင်းအချက်အလက်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာများသို့ Online မှတဆင့် လွယ်ကူလုံခြုံလျှင်မြန်စွာပေးပို့နိုင်ရေး ဧည့်သည်စာရင်းစီမံခန့်ခွဲမှုစနစ် (Guest List Management System - GLMS) ကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက လိုင်စင်ရယူထားသော ဟိုတယ်နှင့် တည်းခိုရိပ်သာများမှအသုံးပြုလျက်ရှိပါကြောင်း၊ ယခုအခါတွင် သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့များမှ လိုင်စင်ရယူလုပ်ငန်းဆောင်ရွက်နေသည့် တည်းခိုခန်းများတွင် တစ်ပြေးညီအသုံးပြုရေးအတွက် ဆက်လက်ဆောင်ရွက်မှာဖြစ်ပါကြောင်း၊ မဖြစ်မနေသုံးစွဲရမည့် စနစ်ဖြစ်တဲ့အတွက် ယခုတက်ရောက်လာတဲ့ မြို့စည်ပင်သာယာရေးအဖွဲ့များမှ ဝန်ထမ်း ကိုယ်စားလှယ်များအနေဖြင့် သေချာလေ့လာမှတ်သားပြီး မိမိမြို့နယ်ရှိ တည်းခိုခန်းများကို ပြန်လည်ဆင့်ပွား သင်တန်းပို့ချသွားရမှာဖြစ်ပါကြောင်းနှင့် ဧရာဝတီ တိုင်းဒေသကြီးရဲ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး၊ လုံခြုံစိတ်ချရသည့် ဧည့်သည်စာရင်း စီမံခန့်ခွဲမှုစနစ် (GLMS) ကိုအသုံးပြုရင်းခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး တက်ရောက်လာသူများအားလုံးက ပူးပေါင်းဆောင်ရွက်ကြရန်ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက် လာကြသူများမှ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံများရိုက်ကူးခဲ့ကြသည်။


Read More...
29-Mar-2024