သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဖျာပုံခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများနှင့်အတူ ဖျာပုံခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲနှင့် ဈေးသစ်ဖွင့်ပွဲများအား တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျိုက်လတ်မြို့နယ်၊ လှည်းဆိပ်ကျေးရွာ နွေစပါး ဧက (၁၀၀)၊ တင်း(၁၂၀)အထက်ထွက်ရှိရေး ဆောင်ရွက်သည့် စံပြကွက်ရှိ တောင်သူ ဦးအောင်မြင့်ဦး၏ စိုက်ဧက(၃၇)ဧကတွင် မှော်ဘီ(၃) စပါးမျိုး၊ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်း နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကျိုက်လတ်မြို့၊ အမှတ်(၅)ရပ်ကွက် ဗိုလ်ချုပ်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးထံသို့ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က လမ်းဖွင့်ပွဲအထိမ်းအမှတ် ပစ္စည်းများပေးအပ်ပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကာ ကွန်ကရစ်လမ်းသစ်အားလှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ ကျိုက်လတ်မြို့၊ အမှတ်(၅)ရပ်ကွက် ဗိုလ်ချုပ်လမ်း ကွန်ကရစ်လမ်းသစ်သည် အတိုင်းအတာအားဖြင့်အရှည် (၁၅၅၈)ပေ၊ အကျယ် (၆)ပေနှင့် ထု (၆)လက်မရှိပြီး ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ကျိုက်လတ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ရန်ပုံငွေဖြင့် ဆောင်ရွက်သော လမ်းဖြစ်ကြောင်း သိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ဖျာပုံမြို့အထပ်မြင့်မြို့မဈေးသစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဈေးသစ်အားလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ ဖျာပုံမြို့အထပ်မြင့်မြို့မဈေးသစ်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို အဆိုပါဈေးသစ်၍ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ (၇၇)နှစ် မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် ဖျာပုံမြို့အထပ်မြင့် မြို့မဈေးသစ်အား ယနေ့တွင်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ဈေးသစ်ဖွင့်လှစ်ပေးနိုင်ခဲ့၍ ဈေးသူ၊ ဈေးသားများ၏ စားဝတ်နေရေးကိုလည်း ဖြည့်ဆည်းပေးခြင်းလည်းဖြစ်ပါကြောင်း၊ စျေးသစ်ကြီးအား တိုင်းဒေသကြီးရန်ပုံငွေ၊ စျေးသူ၊ စျေးသားများ၏ ထည့်ဝင်ငွေများဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ စျေးရုံရှေ့တွင် ယာဥ်ကြောပိတ်ဆို့မှုများမရှိစေရေးအတွက် ယာဥ်ရပ်နားမှုများ စနစ်ကျစေရေးစီမံဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များအား Clean City၊ Green City၊ Smart City ဖြစ်အောင် ဆောင်ရွက်လျှက်ရှိရာ ခရိုင်အဆင့်မြို့ဖြစ်သည်နှင့်အညီ မြို့သန့်ရှင်းသာယာလှပရေး၊ ဈေးသန့်ရှင်းသပ်ရပ်မှုရှိစေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း” အမှာစကားပြောကြားသည်။ ထို့နောက် ဖျာပုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိက ဖျာပုံမြို့မဈေး အတွင်းရှိ အထပ်မြင့်ဈေးရုံသစ် တည်ဆောက်ပြီးစီးနိုင်ရေး ဆောင်ရွက်ခဲ့မှုအခြေအနေများအား လည်းကောင်း၊ ဖျာပုံမြို့မဈေးအတွင်းရှိ အထပ်မြင့်ဈေးရုံသစ်ကို တာဝန်ယူတည်ဆောက်သည့် ကုမ္ပဏီမှ မန်းနေဂျင်းဒါရိုက်တာက လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများကို Power Point ဖြင့်လည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီးနောက် ဈေးရုံသစ်ဖွင့်ပွဲအထိမ်းအမှတ် ပစ္စည်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးထံသို့ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင် အရာရှိတို့က ဈေးသစ်ဖွင့်ပွဲအထိမ်းအမှတ် ပစ္စည်းများပေးအပ်ခဲ့သည်။ ဆက်လက်၍ဈေးသူဈေးသားများကိုယ်စား ဈေးတည်ဆောက်ရေးကော်မတီဝင်(၁)ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အသစ်တည်ဆောက်ပြီးစီးသည့် အထပ်မြင့်ဈေးရုံသစ်ကို တာဝန်ယူတည်ဆောက်ခဲ့သည့် Royal Innovative Co,Ltdမှ ဖျာပုံမြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံသို့လွှဲပြောင်းပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ဖျာပုံမြို့၊ ဇင်းဘောင်ဧည့်ရိပ်သာ၌ မြို့မိ၊ မြို့ဖများနှင့်ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“တိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့်ပတ်သက်၍ စံပြတိုင်းဒေသကြီးဖြစ်ရန်နှင့် စိုက်ပျိုးသီးနှံများအား ပန်းတိုင် အထွက်နှုန်းရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း မိုးစပါး၊ နွေစပါး ဧက ၅၂ သိန်းကျော်၊ ပဲမျိုးစုံ ဧက(၁၆) သိန်းကျော်နှင့် ဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာများတိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ လူဦးရေ ၈၅ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသတွင် နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်ကြပါကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုအခြေခံသည့် ကုန်ကြမ်းများမှတစ်ဆင့် တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ထုတ်ကုန်များအား ကုန်ချောအဆင့်အထိထုတ်လုပ်ပြီး စျေးကွက်သို့တင်ပို့ရောင်းချရာတွင် ပြည်တွင်းတွင်ဖူလုံမှုရှိပါက ပြည်ပသို့တင်ပို့နိုင်သည်အထိ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး၏ ထုတ်ကုန်များ အရည်အသွေးကောင်းမွန်ပြီး စျေးကွက်ရရှိရေး ဆောင်ရွက် ကြရမှာဖြစ်ကြောင်း၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့သန့်ရှင်းသာယာလှပရေး မြို့မိမြို့ဖများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း” ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ မြို့မိ၊ မြို့ဖများက ဒေသဖွံ့ဖြိုးရေး၊ မြို့သန့်ရှင်းသာယာလှပရေးများတွင် ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်မှု၊ ဖျာပုံပေါ်ဆန်းမွှေးအရည်အသွေးပြန်လည်ကောင်းမွန်အောင် စိုက်ပျိုးရေးပညာရှင်များနှင့် ပူးပေါင်း၍ ဆောင်ရွက်မှု၊ မြေဆီမြေဩဇာများ ပြန်လည်ကောင်းမွန်ရေးအတွက် လိုအပ်မှုတို့အား ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။


Read More...
06-Feb-2024
မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီးရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများကြည့်ရှုစစ်ဆေး
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စု၌ တည်ထားကိုးကွယ်တော်မူသည့် ​မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး​ရဟတ်ယာဥ်ကွင်းလုပ်ငန်း၊ မြောက်ဘက်မုခ် ​​လှေကားလုပ်ငန်း၊ ရေကန်လုပ်ငန်း​၊ ​မြေထိန်းနံရံလုပ်ငန်း၊ စေတီ​တော်ကြီး၏ ​ရင်ပြင်တွင် နေပူခံ​ကျောက်ပြားခင်းကျင်းနေမှုများ၊ ​မဟာရံတံတိုင်း စိန်​တောင် မြန်မာမှုလုပ်ငန်းဆောင်ရွက်နေမှုများ၊ တံခွန်တိုင်မွမ်းမံပြင်ဆင်မည့်အ​ခြေအ​နေများ၊ စေတီ​တော်မြတ်ကြီးရင်ပြင်အောက်အနှုတ်(၁၂)level ပွတ်လုံးလက်ရမ်း​ တပ်ဆင်ဆောင်ရွက်​ပြီးစီးမှုများ၊ စေတီတော်ရင်ပြင်အောက်ဘက်ရှိ ကမ်းခြေဆင်းလမ်း ဆောင်ရွက်နေမှုအခြေအနေများအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်း​ဒေသကြီးဝန်ကြီးချုပ်က စေတီ​တော်ကြီး၏ ပတ်ဝန်းကျင် စိမ်းလန်းစို​ပြေ​​​အောင်​ဆောင်ရွက်ရန်၊ ​စေတီ​တော်ကြီး၏ ပတ်ဝန်းကျင်တွင် ​တောမီးရှို့မှုများ မရှိ​စေ​ရေး အ​လေးထား​ကြပ်မတ်ဆောင်ရွက်ရန်၊ အမှိုက်စွန့်ပစ်မှုများ စနစ်တကျရှိ​စေ​ရေး​ဆောင်ရွက်ရန်နှင့် သန့်ရှင်း​ရေးလုပ်ငန်းများအား အ​လေးထား​ဆောင်ရွက်ရန်၊ လုပ်ငန်း​ဆောင်ရွက်မှုများ သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးစေရေး အင်အားပြည့်ဆောင်ရွက်ရန် ၊ အနီးကပ်ကြီးကြပ် ​ဆောင်ရွက်သည့်အဖွဲ့မှ လုပ်ငန်းအားလုံးဘုရားပွဲတော်ကျင်းပရက်မတိုင်မီပြီးစီးရေးကြပ်မတ်ဆောင်ရွက်ရန်နှင့် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများကြိုတင်ရှင်းလင်းဖယ်ရှားရန်၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးနှင့်သန့်ရှင်းမှုရှိစေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပြီး တင်ပြချက်များအ​​ပေါ် ​တာဝန်ရှိသူများနှင့် ပေါင်းစပ်​ဆောင်ရွက်​ပေးခဲ့ပါသည်။ ထို့​နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြတ်​မော်တင်စွန်းဘုရားအဝင်လမ်းခင်းခြင်းလုပ်ငန်း​ဆောင်ရွက်​နေမှုများအား ကြည့်ရှုစစ်​ဆေးခဲ့​ကြောင်း သတင်းရရှိပါသည်။


Read More...
05-Feb-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ အခြေခံစစ်ပညာ သင်တန်းဖွင့်ပွဲတက်ရောက်
၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ အခြေခံစစ်ပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အနောက်တောင်တိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ပုသိမ်တက္ကသိုလ် ပါ​​မောက္ခချုပ်၊ တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အခြေခံစစ်ပညာသင်တန်းများ ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်သည် အပျော်တမ်း တပ်ဖွဲ့ဝင်များဖြစ်သည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာကြံ့ခိုင်မှုရှိစေရန် အခြေခံစစ်ပညာသင်တန်းကို လေ့ကျင့်သင်ကြားပေးပြီး နောင်တစ်ချိန်တွင် နိုင်ငံတော်အတွက် အရန်အင်အားစုတစ်ခု တည်ဆောက်ရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယခုသင်တန်းသို့တက်ရောက်ခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အသိအမြင်များ ကျယ်ပြန့်စွာ ရရှိစေနိုင်ပြီး နောင်တစ်ချိန် လုပ်ငန်းခွင်နယ်ပယ်အသီးသီးသို့ ရောက်ရှိတာဝန်ထမ်းဆောင်ကြသည့်အခါ အတိုင်းအတာတစ်ခုအထိ အထောက်အကူပြုစေနိုင်မည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် သင်ကြားပေးသည့် စစ်ပညာများကိုမောင်တို့/မယ်တို့အနေဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာတတ်မြောက်အောင်စိတ်ပါဝင်စားစွာဖြင့် လေ့လာ၊ လေ့ကျင့်၊ လိုက်နာသွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ အ​ခြေခံစစ်ပညာသင်တန်းတက်​ရောက်ကြသည့် ဆရာ၊ ဆရာမများ၊ ​ကျောင်းသား​ကျောင်းသူများအတွက် များစွာဂုဏ်ယူဝမ်း​မြောက်ပါ​ကြောင်း၊ တက္ကသိုလ်လေ့ကျင့်ရေးတပ် တပ်ဖွဲ့ဝင်တစ်ဦးအနေဖြင့် စည်းကမ်းကောင်းမွန်ခြင်း၊ ယုံကြည်မှုရှိခြင်း၊ ကြံ့ခိုင်မှုရှိခြင်း၊ အားမာန်နှင့်ဇွဲလုံ့လပြည့်ဝခြင်း၊ စံနမူနာပြနေထိုင်ကျင့်ကြံခြင်းတို့ဖြင့် လေ့ကျင့်သွားကြစေလိုကြောင်း” တိုက်တွန်းအမှာစကားများ ပြောကြားခဲ့ပြီး တပ်ဖွဲ့ဝင် အ​ခြေခံစစ်ပညာသင်တန်းအတွက် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ အနောက်တောင်တိုင်းစစ်ဌာနချူပ်တိုင်းမှူးက သင်တန်းဖွင့်အမှာစကားများ ပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များ၊ တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများသည် အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြကြောင်းသိရသည်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံစစ်ပညာ သင်တန်းအား ပုသိမ်တက္ကသိုလ်၊ ပုသိမ်နည်းပညာတက္ကသိုလ်၊ ပုသိမ်ကွန်ပျူတာတက္ကသိုလ်နှင့် ပုသိမ်ပညာ​ရေးဒီဂရီ​ကောလိပ်တို့မှ ဆရာ၊ ဆရာမ၊ ​ကျောင်းသား​ကျောင်းသူ တပ်ဖွဲ့ဝင်သင်တန်းသား စုစု​ပေါင်း (၁၁၆)ဦးမှ ဆန္ဒပြုတက်​ရောက်ခဲ့ကြ​ပါသည်။


Read More...
05-Feb-2024
တိုင်းဒေသကြီးဝန်ကြီးချုပ် ဟင်္သာတအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအားကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများ၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောက်ရွက်ပေးခဲ့
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဖေဖော်ဝါရီလ ၄ ရက်နေ့ နေ့လည်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ဟင်္သာတခရိုင်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများ၏လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောက်ရွက်ပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့၊ အမှတ်၂ ရပ်ကွက်ရှိ ဆောင်းသီးနှံနေကြာ ဆင်းရွှေကြာ-၂ စိုက်ခင်း ဖြစ်ထွန်းနေမှုများအားကြည့်ရှုအားပေးခဲ့သည်။ ထို့အတူ လေးမျက်နှာမြို့နယ်၊ စာရေးကွင်းကျေးရွာ တောင်သူဦး ဌေးအောင်၏ စိုက်ဧက ၂ ဧကတွင် စိုက်ပျိုးထားသည့် Super sun-66နှင့် ဆင်းရွှေကြာ-၂ နေကြာစိုက်ခင်း ဖြစ်ထွန်းနေမှုများကိုကြည့်ရှုအားပေးခဲ့ပြီးနောက် နင်းကြမ်းကျေးရွာရှိတောင်သူ ဦးဇော်လွင်၏ စိုက်ဧက(၁၀)ဧကတွင် စိုက်ပျိုးထားသည့် ဆင်းရွှေကြာ(၂) ဆီထွက်သီးနှံဆောင်းနေကြာ စိုက်ခင်းအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ရေပေးခြင်း၊ မြေဩဇာကျွေးခြင်းလုပ်ငန်းများအချိန်ကိုက်ဆောင်ရွက်ရန်၊ သီးသန့်နေကြာစိုက်ခင်းများပိုမိုဖြစ်ထွန်းအောင်မြင်အောင်စိုက်ပျိုးကြရန်၊ မျိုးရွေးချယ်ခြင်းလုပ်ငန်းများစနစ်တကျဆောင်ရွက်စေရေး၊ ရိတ်သိမ်းချိန် လေလွင့်မှုမရှိစေရေးနှင့်အောင်မြင်အောင်စိုက်ပျိုးစေရေးမှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောကြီးကျေးရွာအုပ်စု စမ်းချောင်းရိုးအားဖြတ်၍ နွေစပါး အောင်ရေ ရရှိရေးအတွက် စမ်း ချောင်းရိုးတွင် ၆ပေ×၁၀ပေ×(၄)ပေါက် အလျား ၅၆ပေ၊ အကျယ် ၃၅ပေ၊ အမြင့် ၁၃ပေ ရေတံခါးတည်ဆောက်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ရာ ယာယီရှင်းလင်းဆောင်တွင် တာဝန်ရှိသူများမှ ပန်းတောကြီးကျေးရွာအုပ်စု၊ စမ်းချောင်းရိုးချောင်း အားဖြတ်၍ ရေတံခါးတည်ဆောက်ခြင်းလုပ်ငန်း၊ ကျီးပေါက်ကုန်းကျေးရွာအုပ်စု၊ တလုတ်ရိုးအားဖြတ်၍ ရေထိန်းရေမြင့်အဆောက်အဦအမှတ်၁နှင့် အမှတ်၂ တည်ဆောက်ခြင်း၊ ပြည်တော်သာရိုးအားဖြတ်၍ ရေထိန်းရေမြင့် အဆောက်အဦတည်ဆောက်ခြင်း၊ ပန်းတောကြီးကျေးရွာအုပ်စုနှင့် ကျီးပေါက်ကုန်းကျေးရွာအုပ်စုရှိ တလုတ်ရိုး ပြန်လည်တူးဖော်ခြင်း၊ ပန်းတောကြီးကျေးရွာအုပ်စုရှိ မရမ်းချောင်း တူးဖော်ခြင်း၊ ကျီးပေါက်ကုန်းကျေးရွာအုပ်စု ကြာအင်းကြီးရိုးအား ရေနုတ်မြောင်းတူးဖော်ခြင်း၊ စိန်လည်ကွင်းမှရေသိုးရွာထိပ်အထိ ပြည်တော်သာရိုးတူးဖော်ခြင်း၊ ဒေါင့်ကြီးကျေးရွာအုပ်စု ရေသိုးရွာမှ အင်းလွတ်ရွာအထိ ရေသိုးချောင်းမကြီး ပြန်လည်တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ဒုတိယသီးနှံ နွေစပါး တိုးတက်စိုက်ပျိုးနိုင်မည့်အခြေအနေများအားရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စိုက်ပျိုးရေရရှိစေရေးအတွက် ေစာလျင်စွာတည်ဆောက်ပြီးစီးစေရေး၊ စိုက်ပျိုးရေများအားစနစ်တကျသုံးစွဲစေရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။ ထိုကဲ့သို့ ရေတံခါးများတည်ဆောက်ပေးခြင်း၊ တိမ်ကောနေသော အဓိကရေနုတ် ချောင်းများတူးဖော်ပေးခြင်းဖြင့် ဒေသတွင်း ရေကျချိန်စောကာ ရေကျနောက်စိုက်စပါးများစောလျင်စွာစိုက်ပျိုးနိုင်ခြင်း၊ စိမ့်စမ်းရေများကိုသိုလှောင်အသုံးပြုခြင်းဖြင့် ဒုတိယသီးနှံ မစိုက်ပျိုးနိုင်သော လယ်မြေ ဧက ၁၅၃၀ ဧက ကိုနွေစပါးစိုက်ပျိုးနိုင်ရေး အတွက်အကျိုးပြုနိုင်မှာဖြစ်ကြောင်းသိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြီးပေါက်ကုန်းကျေးရွာ တောင်သူဦး ဇော်မိုး၏ စိုက်ဧက ၅ဧ ကတွင် နွေစပါး(မှော်ဘီ-၃) မျိုးစပါးအား မျိုးစေ့ချ ကိရိယာဖြင့် စိုက်ပျိုးနေမှုအားကြည့်ရှုအားပေးခဲ့ပြီး အထွက်တိုးမျိုးစပါးများပြောင်းလဲအသံားပြုခြင်း၊ ခေတ်မီစိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးခြင်းဖြင့် တစ်ဧကအထွက်တိုးမှုအခြေအနေများဆွေးနွေးပြောကြားခဲ့ပြီး တောင်သူများကျယ်ကျယ်ပြန့်ပြန့်လိုက်ပါဆောင်ရွက် စေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေး ဆောင်ရွက်ရန်မှာကြားခဲ့သည်။


Read More...
04-Feb-2024
(၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲ၊ ဆုချီးမြှင့်ပွဲ အခမ်းအနားနှင့် ကျင်းပ
(၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယခုလ ၃ ရက်နေ့နက်ပိုင်းက ဧရာဝတီဂေါက်ကလပ်(ပုသိမ်)တွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ပြိုင်ပွဲဝင်အသင်းများအား လှည့်လည်အားပေးနှုတ်ဆက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အနောက်တောင်တိုင်းစစ်ဌာချုပ် တိုင်းမှူးတို့က အမှတ်(၁)တီခုံမှ Smoke Ball ရိုက်၍ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ကာ တစ်ဦးချင်းပြိုင်ပွဲအား ဆက်လက်ယှဥ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ယခုလ(၄)ရက်နေ့ ည​ပိုင်းတွင် ဆုချီးမြှင့်ပွဲနှင့် ညစာစားပွဲအခမ်းအနားအား ဧရာဝတီဂေါက်ကလပ်(ပုသိမ်)၌ ဆက်လက်ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ပြီး တစ်ဦးချင်းထူးချွန်ဆုများ၊ တစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိသူများအား အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆုများအသီးသီးပေးအပ်ခဲ့သည်။ ဦးစွာ ပြိုင်ပွဲတွင် အထူးဆုရရှိသူများအား တိုင်းရင်းသားရေးရာဝန်ကြီးမှလည်းကောင်း၊ တစ်ဦးချင်းထူးချွန်ဆုများအား လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှလည်းကောင်း၊ တစ်ဦးချင်းပြိုင်ပွဲ(HC 0 to 18)တွင်ထူးချွန်ဆုရရှိသူများအား လူမှူရေးရာဝန်ကြီးမှလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ဆုရရှိသူများအား သယံဇာတရေးရာဝန်ကြီးမှလည်းကောင်း၊ တစ်ဦးချင်းပြိုင်ပွဲ(HC 10 to 24)တွင်ထူးချွန်ဆုရရှိသူများအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှလည်းကောင်း၊ တစ်ဦးချင်းပြိုင်ပွဲ(HC 0 to 18)တွင်ထူးချွန်ဆုရရှိသူများအား တရားသူကြီးချုပ်မှလည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးမှလည်းကောင်း၊ အကျောပေးပြိုင်ပွဲ အသင်းလိုက် ပထမ၊ ဒုတိယ၊တတိယ ဆုရရှိအသင်းများအား ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးကလည်းကောင်း၊ အကျောမဲ့ပြိုင်ပွဲ အသင်းလိုက် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိအသင်းများအား အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဧရာဝတီဂေါက်ကလပ်သို့ ဂုဏ်ပြုပံ့ပိုးငွေများပေးအပ်ရာ ဂေါက်ကလပ်အသင်း ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က လက်ခံရယူခဲ့ပြီး အကျောပေးပြိုင်ပွဲ အသင်းလိုက် ပထမဆုရရှိသော မြောင်းမြခရိုင်အသင်းနှင့် အကျောမဲ့ပြိုင်ပွဲ အသင်းလိုက်ပထမဆုရရှိသော ပုသိမ်ခရိုင် အသင်းတို့အား ဆုဖလားများ ဆက်လက်ချီးမြှင့်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ဂုဏ်ပြုညစာများဖြင့် ဧည့်ခံခဲ့ကာ ပြိုင်ပွဲဝင်အသင်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့​ကြောင်းသိရသည်။


Read More...
04-Feb-2024