သတင်းများ


ပုသိမ်မြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း အပတ်စဉ်(၃၇) သူနာပြု-သားဖွား ဒီပလိုမာသင်တန်း ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကျင်းပ
ပုသိမ်မြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ အပတ်စဉ်(၃၇) သူနာပြု-သားဖွား ဒီပလိုမာသင်တန်း ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ဌာနဆိုင်ရာများနှင့် သင်တန်းသား၊သင်တန်းသူများတက်ရောက်ခဲ့ကြသည်။ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ မိမိတို့တိုင်းဒေသကြီး၌ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန်လိုအပ်‌သည့် နေရာများ၌ သူနာပြုနှင့်သားဖွားများ ဖြည့်တင်းပေးနိုင်ခြင်းသည် တိုင်းဒေသကြီးအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ သင်တန်းပြီးဆုံး၍ မိမိတို့တာဝန်ကျရာ ဒေသအသီးသီးကိုရောက်ရှိ တာဝန်ထမ်းဆောင်သည့်အခါ ဒေသခံပြည်သူလူထုက အားကိုးတကြီးမျှော်လင့်နေကြသည်ကို တွေ့မြင်ရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၌ ပုသိမ်ပြည်သူ့ဆေးရုံ ၉ထပ်တိုးချဲ့ဆောင်ကြီးလည်း ထွက်ပေါ်လာပြီးဖြစ်၍ ပြည်သူလူထုအနေဖြင့် အားကိုးတကြီးဖြင့် လာရောက်ဆေးကုသခံယူနေကြသည်ကိုလည်း တွေ့မြင်ရပြီး ကျန်းမာရေးစောင့်ရှောက်မှုသင်တန်းများဖွင့်လှစ်ပို့ချလျက်ရှိရာ စာတွေ့လက်တွေ့ဖြင့်စနစ်တကျလေ့ကျင့်သင်ယူကြရပြီးအရည်အသွေးပြည့်ဝသည့် လူစွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ Florence Nightingale ဆုရှင် ( ၄ ) ဦး ထဲတွင်အပါအဝင် ဖြစ်သော ဦးစနိုင်နိုင်ထွန်းသည် ပုသိမ်သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ မွေးထုတ်ပေးလိုက်သော သူနာပြုဆရာတစ်ဦးပင် ဖြစ်ပါကြောင်း၊ထို့ကြောင့် ပြည်သူကြားက ပေါက်ဖွားလာသည့်သင်တန်းသား၊သင်တန်းသူများသည် ပြည်သူတွေကို  ကူညီစောင့်ရှောက်ပေးနိုင်ဖို့အတွက် ရှေးကစံပြပုဂ္ဂိုလ်များကို နမူနာယူပြီး တွေ့ကြုံလာသမျှ အခက်အခဲများကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ရင်း သင်တန်းပြီးမြောက် အောင်မြင်အောင် တက်ရောက်သွားကြဖို့ မှာကြားလိုပါကြောင်း၊ မိမိတို့ Profession ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် ( Personal Development) မှသည် ( Professional Development ) သို့ ဦးတည် ဆောင်ရွက်ကြရန်နှင့် မိမိတို့၏ အသက်မွေးဝမ်းကျောင်း ပညာရပ် ( Nursing Profession) ကို ပြည်သူလူထုမှ အားကိုးယုံကြည်ပြီးမွန်မြတ်သော လုပ်ငန်းအဖြစ် ဆက်လက်တည်တံ့အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ သင်တန်းပြီးဆုံးသည့် အခါမှာလည်း နေရာဒေသမရွေး ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ပြီး နိုင်ငံ့အကျိုး၊ပြည်သူ့အကျိုးကို ဆထက်ထမ်းပိုး သယ်ပိုးဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်း” အမှာစကားများပြောကြားသည်။ ဆက်လက်၍ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊  ပြည်သူ့ကျန်းမာရေး‌ဦးစီးဌာ၊ပုသိမ်ပြည်သူ့‌ဆေးရုံ၊တိုင်းဒေသကြီးကုသရေးဦးစီးဌာတို့မှ တာဝန်ရှိသူများက  သင်တန်းသား၊သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းများအပ်နှင်းခဲ့ပြီးနောက် သင်တန်းသား၊သင်တန်းသူများက သူနာပြုသစ္စာအဓိဋ္ဌာန်များရွတ်ဆိုခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ပြီး သူနာပြုသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ရာ ပုသိမ်မြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ကြောင်းသိရသည်။အဆိုပါ အခမ်းအနား၌ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းခံရသည့် ပထမနှစ်သင်တန်းသား၊ သင်တန်းသူ (၉၅)ဦးရှိကြောင်းသိရသည်။


Read More...
07-Jun-2023
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သော ဧရာဝတီတိုင်းဒေသကြီးမှ နိုင်ငံ့လက်ရွေးစင် အားကစားသမားများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်ဂုဏ်ပြုချီးမြှင့်
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သော ဧရာဝတီတိုင်းဒေသကြီးမှ နိုင်ငံ့လက်ရွေးစင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ဌာနဆိုင်ရာများနှင့် အောင်ပွဲရ အားကစားသမားများ တက်ရောက်ခဲ့ကြသည်။ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သော ဧရာဝတီတိုင်းဒေသကြီးမှ နိုင်ငံ့လက်ရွေးစင် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုချီးမြှင့်ခြင်းဆိုသည့် မင်္ဂလာတရားတော်နှင့်အညီ ကျင်းပသည့် မင်္ဂလာအခမ်းအနား တစ်ခုဖြစ်သလို နိုင်ငံတော်အဆင့် အားကစားပြိုင်ပွဲများမှာ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အောင်မြင်မှုဆုတံဆိပ်တွေ ဆွတ်ခူးနိုင်ခြင်းအတွက် ယခုလိုဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပါကြောင်း၊(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာအားကစားအဖွဲ့သည် အားကစားနည်း(၁၉)နည်း၊ လူဦးရေ(၃၄၁)ဦးနှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ရွှေတံဆိပ်(၂၁)ခု၊ ငွေတံဆိပ်(၂၅)ခု၊ကြေးတံဆိပ်(၆၈)ခု၊ စုစုပေါင်း(၁၁၄)ခုရယူပေးနိုင်ခဲ့ကြောင်းတွေ့ရှိရပါကြောင်း၊ထိုအထဲ၌ ဧရာဝတီတိုင်းဒေသကြီးမှလည်း အုပ်ချုပ်/ နည်းပြ/ အားကစားသမား(၅၃)ဦးပါဝင်ခဲ့ကာ ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်တွေရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် အားကစားသမား (၃၂)ဦးအထိ ရှိခဲ့ပြီး ရွှေတံဆိပ် (၈)ခု၊ ငွေတံဆိပ်(၁၁)ခုနဲ့ ကြေးတံဆိပ် (၁၁)ခု ရရှိခဲ့ကြောင်းကိုလည်း ဂုဏ်ယူဖွယ်ရာတွေ့ရှိရမှာဖြစ်ပါကြောင်း၊ ရွှေတံဆိပ်(၈)ခုတွင်တစ်ဦးခြင်းပြိုင်ပွဲ ရွှေတံဆိပ်(၂)ခု၊အသင်းလိုက်ပြိုင်ပွဲတွင်ရွှေတံဆိပ်ဆု(၆)ခုရရှိခဲ့ပြီး၊ငွေတံဆိပ်(၁၁)ခုတွင်အသင်းလိုက်ပြိုင်ပွဲများမှရရှိခဲ့ ကာကြေးတံဆိပ်(၁၁)ခုတွင် တစ်ဦးခြင်းပြိုင်ပွဲများမှ (၆)ဆု၊ အသင်းလိုက်ပြိုင်ပွဲများမှ (၅)ဆုရရှိခဲ့တာကိုတွေ့ရှိရမှာဖြစ်ပါကြောင်း၊အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် အရှေ့တောင် အာရှဒေသအတွင်း ဂုဏ်သိက္ခာအမြင့်ဆုံး အားကစားပြိုင်ပွဲ၊ အာဆီယံနိုင်ငံများ၏ အားကစားအဆင့်အတန်းကို မှတ်ကျောက်တင်ရာ အားကစားပြိုင်ပွဲ၊ နိုင်ငံတစ်နိုင်ငံရဲ့ အားကစားအဆင့်အတန်းကိုတိုင်းတာသည့် အားကစားပြိုင်ပွဲကြီးမှာ နိုင်ငံ့ဂုဏ်ကိုမြှင့်တင်ဆောင်ရွက်ပေးကြသည့် ဧရာဝတီတိုင်းဒေသကြီးမှ အုပ်ချုပ်/နည်းပြ / အားကစားသမားများအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်းနှင့် အားကစားမောင်/မယ် များအနေဖြင့် အားကစားစည်းမျဉ်း၊ စည်းကမ်းဥပဒေ ဘောင်အတွင်းကနေအားကစားစိတ်ဓာတ်အပြည့်နှင့် တရားနည်းလမ်းကျစွာ ယှဉ်ပြိုင်အနိုင်ယူပြီး နိုင်ငံတော်အတွက် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များဆွတ်ခူးပေးခဲ့သည့်အတွက် ချီးကျူးဂုဏ်ပြုပါကြောင်းနှင့်  နိုင်ငံတကာပြိုင်ပွဲများမှာ အောင်မြင်မှုများပိုမိုရရှိကာ ဧရာဝတီတိုင်းဒေသကြီးဖြင့် နိုင်ငံ့ဂုဏ်ကို အားကစားဖြင့် မြှင့်တင်နိုင်ကြပါစေလို့တိုက်တွန်းမှာကြားလိုပါကြောင်း” ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ဆက်လက်၍ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့သော ဧရာဝတီတိုင်းဒေသကြီးမှ နိုင်ငံ့လက်ရွေးစင် အားကစားသမားများအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ဆုတံဆိပ် ရရှိအောင်စွမ်းဆောင် နိုင်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ နည်းပြများနှင့် ဘိလိယက်၊Hoop Takraw၊အလေးမ(၄၅ကီလို)၊ရိုးရာလှေ( TBR-5 Crews 250 M)ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် အားကစားသမားများအားလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးက Hoop Takraw၊ရိုးရာခြင်း(Event-4)နှင့် ရိုးရာခြင်း(Mixed Event-3)ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် အားကစားသမားများအားလည်းကောင်း၊အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက အမျိုးသမီးဘောလုံးပြိုင်ပွဲ၊ရိုးရာလှေ(Mixed TBR-12 Crews 250M)၊ပိုက်ကျော်ခြင်း(Double Regu)ပြိုင်ပွဲများတွင် ငွေတံဆိပ်ဆုရရှိသည့် အားကစားသမားများအားလည်းကောင်း၊အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီးက ပိုက်ကျော်ခြင်း(Double Regu)၊ရိုးရာလှေ(Mixed TBR-12 Crews 500M)၊ရိုးရာခြင်း(Event-3)ပြိုင်ပွဲများတွင် ငွေတံဆိပ်ဆုရရှိသည့် အားကစားသမားများအားလည်းကောင်း၊ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးက ရိုးရာလှေ(TBR-5 Crews 800M)နှင့် (TBR-12Crews 800M)၊ရိုးရာခြင်း(Event-3)ပြိုင်ပွဲများတွင် ငွေတံဆိပ်ဆုရရှိသည့် အားကစားသမားများအားလည်းကောင်း၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၏ ဇနီးက ရိုးရာခြင်း(Mixed Event-2)၊ရိုးရာလှေ(TBR-12Crews 800M)ပြိုင်ပွဲများတွင် ငွေတံဆိပ်ဆုရရှိသည့် အားကစားသမားများအားလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လက်ဝှေ့(၅၁ကီလိုတန်း)နှင့် (၅၇)ကီလိုတန်း၊ပိုက်ကျော်ခြင်း(Double Regu)၊ရိုးရာခြင်း(Event-2)ပြိုင်ပွဲများတွင် ကြေးတံဆိပ်ဆုရရှိသည့် အားကစားသမားများအားလည်းကောင်း၊စီးပွားရေးရာဝန်ကြီးက အားနစ်(တစ်ဦးချင်းအတိုက်)၊စစ်တုရင်(ကျားအသင်းလိုက်)နှင့်(မအသင်းလိုက်)၊ရိုးရာလှေ(TBR-12 Crews 500M)ပြိုင်ပွဲများတွင် ကြေးတံဆိပ်ဆုရရှိသည့် အားကစားသမားများအားလည်းကောင်း၊သယံဇာတရေးရာဝန်ကြီးက ရိုးရာလှေ(TBR-12 Crews 500M)၊ဗိုဗီနမ်(ဓားတစ်လက်အသင်းလိုက်အပြ)နှင့် ဗိုဗီနမ်(၆၀ကီလိုအတိုက်)ပြိုင်ပွဲများတွင် ကြေးတံဆိပ်ဆုရရှိသည့် အားကစားသမားများအားလည်းကောင်းဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကိုယ်စား အားကစားသမားတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများနှင့်အတူ နေ့လယ်စာများအား သုံးဆောင်ခဲ့ပြီး အားကစားသမားများ၏ ယှဉ်ပြိုင်ခဲ့မှုမှတ်တမ်းဗီဒီယိုမှတ်တမ်းများအား ပြန်လည်ပြသခြင်းများကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။


Read More...
06-Jun-2023
ကျောင်းကုန်းမြို့ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ (၃၈ပေ×၁၃၀ပေ) (၃၂) ကုတင်ဆံ့ RC တိုးချဲ့နှစ်ထပ်ဆောင်အား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံဝန်းကြီး အတွင်း၌ အလှူရှင်ဦးကြည်လွင်+ဒေါ်သီသီဆန်း မိသားစုနှင့် မိတ်ဆွေများစုပေါင်းလှူဒါန်းသော ၃၈ပေ×၁၃၀ပေ(၃၂)ကုတင်ဆံ့RCတိုးချဲ့နှစ်ထပ်ဆောင် “ဦးတွမ်ကြီး+ဒေါ်ကျင်ရှိန်”ဆောင် ဖွင့်ပွဲအခမ်းအနားအား အဆိုပါဆေးရုံဝန်းအတွင်း၌ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်မိသားစုများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် အလှူရှင်မိသားစုတို့က ( ၃၈ပေ ×၁၃၀ပေ) (၃၂)ကုတင်ဆံ့ RC တိုးချဲ့နှစ်ထပ်ဆောင် “ဦးတွမ်ကြီး+ဒေါ်ကျင်ရှိန်”ဆောင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ပြီး  စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကာ (၃၂)ကုတင်ဆံ့ RC တိုးချဲ့နှစ်ထပ်ဆောင်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက်  (၃၂)ကုတင်ဆံ့ (RC) တိုးချဲ့လူနာဆောင် “ ဦးတွမ်ကြီး + ဒေါ်ကျင်ရှိန်ဆောင်” လွှဲပြောင်းပေးအပ်ခြင်းနှင့် အလှူငွပေးအပ်သည့် အခမ်းအနားအားဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း ပြင်းထန်စွာဖြစ်ပွားနေစဉ် ကာလအတွင်း ဒေသခံပြည်သူများက ပြည်သူ့ဆေးရုံကြီးအား အားကိုးအားထားပြု၍ လာရောက် ဆေးကုသမှုခံယူကြသည်ကိုတွေ့ရှိရပါကြောင်း၊ ဆေးရုံဝန်ထမ်းများ၏ စေတနာထား၍ ကျန်းမာ ရေးစောင့်ရှောက်ပေးမှုများကြောင့် ပြည်သူများကယုံကြည်အားကိုးကြခြင်းဖြစ်ပါကြောင်း၊ ဆေးရုံကြီး၌ လူနာဆောင်လိုအပ်ချက်များလည်း ရှိနေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ အလှူရှင်မိသားစုနှင့် ဒေသခံပြည်သူများဝိုင်းဝန်းလှူဒါန်းမှုကြောင့် RC နှစ်ထပ်လူနာဆောင်သစ် ပေါ်ထွန်းလာခဲ့ပါကြောင်းနှင့် ဒေသခံပြည်သူများအတွက်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အပြည့်အဝပေးနိုင်တော့မှာဖြစ်ပါကြောင်း၊ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်ရှိနေသည့် နေရာများကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အလှူရှင်များ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းဖြည့်ဆည်းဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း” ပြောကြားသည်။ ဆက်လက်၍ အလှူရှင်ဦးကြည်လွင်က (၃၂) ကုတင်ဆံ့ RC တိုးချဲ့နှစ်ထပ်ဆောင် “ဦးတွမ်ကြီး+ဒေါ်ကျင်ရှိန်” ဆောင်နှင့် အလှူငွေများလှူဒါန်းရခြင်း အကြောင်းတို့ကိုရှင်းလင်း ပြောကြားပြီး အဆောက်အဦနှင့်ပတ်သက်သော လှူဒါန်းမှူမှတ်တမ်း များအား ကျောင်းကုန်းမြို့နယ်ပြည်သူ့ဆေးရုံမှ မြို့နယ်ကုသရေးဦးစီးဌာနမှူးထံသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူးက အလှူရှင် ဦးကြည်လွင်+ဒေါ်သီသီဆန်း မိသားစုအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များအား ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များပေးအပ်ခဲ့သည်။


Read More...
06-Jun-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့၊သူနာပြုသင်တန်းကျောင်း၌ ပြုလုပ်သည့် ဂျုတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းအခမ်အနားသို့တက်ရောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ မြောင်းမြမြို့၊သူနာပြုသင်တန်းကျောင်း၌ ပြုလုပ်သည့် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်း အခမ်အနားများသို့တက်ရောက်၍“ကျန်းမာ‌ရေးဝန်ထမ်းများ အနေဖြင့် ကိုဗစ်-၁၉ရောဂါတတိယလှိုင်း ဖြစ်ပွားနေစဉ်ကာလအတွင်း မိမိအသက်ကိုပဓာနမထားဘဲ ကျန်းမာရေး လုပ်ငန်းများကို ရှေ့တန်း ကျကျဆောင်ရွက်ခဲ့သည်ကို အသိအမှတ်ပြုဂုဏ်ပြုပါကြောင်း၊ ကျန်းမာရေးကဏ္ဍတွင် လူ့စွမ်းအား အရင်းအမြစ်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် သင်တန်းကျောင်းများ ဖွင့်လှစ်၍  သူနာပြုနှင့်သားဖွားများ မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများသည် ဝါသနာအရင်းခံပြီးကိုယ်ချင်းစာတရား ထားကာ လူနာများကို ပြုစုစောင့်ရှောက်ကြရမှာဖြစ်ပါကြောင်း၊သင်တန်းသား၊သင်တန်းသူများသည် အပ်နှင်းခြင်း ခံရသည့်ဂျုတီကုတ်နှင့် ဦးဆောင်းတို့အား လေးစားတန်ဖိုးထားပြီးမိမိတို့၏ လုပ်ငန်းတာဝန်များ ကျေပွန်စွာ ထမ်းဆောင်ကြရမှာဖြစ်ပါကြောင်း၊ သင်တန်းသားသင်တန်းသူများအနေဖြင့် မည်သည့်အခြေနေတွင်မဆို မိမိတို့၏ သူနာပြုသစ္စာဓိဌာန်နှင့် လုပ်ငန်းတာဝန်များအား ကျေပွန်စွာဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် ကျေးလက်ဒေသများအထိ ကျန်းမာရေးစောင့်ရှောက်မှုများလွှမ်းခြုံနိုင်စေရေး ကြိုးစားဆောင်ရွက်နေပါကြောင်း၊ သင်တန်း ကာလအတွင်း သင်ကြားရေးဆိုင်ရာများ၊ နေထိုင်စားသောက်ရေး ကိစ္စများကိုလည်း သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပြီး ထောက်ပံ့မှုများဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သင်တန်းပြီးဆုံးပြီး မိမိတာဝန်ကျရာဒေသများရှိ ပြည်သူများ၏ ကျန်းမာရေး ကိစ္စရပ်များကို ကူညီစောင့်ရှောက် ပေးကြရန်”ပြောကြားသည်။ ဆက်လက်၍  တာဝန်ရှိသူများနှင့် သူနာပြုသင်တန်းကျောင်းမှ တာဝန်ရှိသူများနှင့်  ပြည်သူ့ကျန်းမာရေး‌ဦးစီးဌာမှ တာဝန်ရှိသူများကသင်တန်းသား၊သင်တန်းသူများအား  ဦးဆောင်းများအပ်နှင်းခဲ့ပြီးနောက် သင်တန်းသား၊သင်တန်းသူများက သူနာပြုသစ္စာအဓိဋ္ဌာန်များရွတ်ဆိုခဲ့ကြသည်။ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ပြီး သူနာပြုသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ရာ မြောင်းမြမြို့၊သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။


Read More...
05-Jun-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း PPTT(၉/၂၀၂၃)သင်တန်းသား၊သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားသို့တက်ရောက်
မြောင်းမြပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၉/၂၀၂၃) သင်တန်းသား၊ သင်တန်းသူများအားကြိုဆိုပွဲအခမ်းအနားအား ယနေ့ည‌နေပိုင်းက အဆိုပါကောလိပ်၏  ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ပညာရေးကောလိပ်မှ ဆရာ၊ဆရာမများနှင့် သင်တန်းသား၊သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားအား “ပွင့်ဖူးဝေဆာ ကျောင်းတော်သာ”သီချင်းဖြင့်ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ဧရာဝတီတိုင်းဒေသကြီးသည် ကျောင်းဖွင့်လှစ်မှုနှင့် ကျောင်းတက်ရောက်မှုအများဆုံးတိုင်းဒေသကြီးဖြစ်ပါကြောင်း၊ပညာရေးနှင့်ပတ်သက်လျင် လူ့စွမ်းအားအရင်းအမြစ်များစွာ မွေးထုတ်ရာတိုင်းဒေသကြီးလည်းဖြစ်ပါကြောင်း၊ သင်တန်းပြီးဆုံး၍ ဆရာ၊ဆရာမများအဖြစ် တာဝန်ကျရာ ကျောင်းအသီးသီးတွင် အများအကျိုး ကိုယ်ကျိုးမဖက် ထမ်းရွက်တတ်သူ ဆရာဟူ၏ ဆိုသည့်အတိုင်း တပည့်များ၏ ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းရည်သတ္တိတွေပြည့်ဝလာအောင်သင်ပြပေးရမှာ ဖြစ်ပါကြောင်း၊ဆရာ၊ဆရာမများအနေဖြင့် မိမိ၏ တပည့်သားသမီးများအား မတတ်သည်များကို တတ်အောင်၊  မသိသည်များကို သိအောင်၊ နားမလည် သည်များကို နားလည်အောင်၊ မကျွမ်းကျင်သည်များကို ကျွမ်းကျင်အောင်၊ မလိမ္မာသည်များ ကို လိမ္မာအောင်၊ လမ်းမှားရောက်နေသည်များကို လမ်းမှန်ရောက်စေရန်အတွက် သွန်သင်ဆုံးမ ကြသူများ ဖြစ်ပါကြောင်း၊ဆရာ၊ဆရာမများအနေဖြင့် မိမိတို့တာဝန်ကျရာဒေသ ကျောင်းများသို့ ရောက်ရှိတာဝန်ထမ်းဆောင်သည့်အခါ ကျောင်းနေအရွယ်ကလေးတိုင်းကျောင်းတက်ရောက်စေရေး၊ အတန်းစဉ်ကူးပြောင်းမှုမြင့်မားရေးနှင့် အနည်းဆုံး KG+9ပြီးမြောက်စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း”ကြိုဆိုနှုတ်ခွန်းဆက်စကားများပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်အား သင်တန်းသား၊ သင်တန်းသူများက မြို့နယ်အလိုက် သင်တန်း တက်ရောက်သူများနှင့် မိတ်ဆက်ပေးခဲ့ပြီး ဝန်ကြီးချုပ်က သင်တန်းသား၊သင်တန်းသူများအတွက် ထောက်ပံ့ငွေများကိုပေးအပ်ရာ မြောင်းမြပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။ မြောင်းမြပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၉/၂၀၂၃) တွင် သင်တန်းသားသင်တန်းသူ ၅၁၇ဦးတက်ရောက်လျက်ရှိကြောင်းသိရသည်။


Read More...
05-Jun-2023