သတင်းများ


ဧရာဝတီတိုင်း​ဒေသကြီးမီးသတ်ဦးစီးဌာန၊ စက်လှေကိုင်တွယ်ထိန်းသိမ်းမောင်းနှင်ရေးသင်တန်းဆင်း သရုပ်ပြပွဲအား တိုင်း​ဒေသကြီးဝန်ကြီးချုပ်တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် မြစ်ချောင်းများပေါများ‌သောကြောင့် ​ဘေးအန္တရာယ်များ ဖြစ်​ပွားလာပါက ကယ်ဆယ်ရေးလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ တိုင်း​ဒေသကြီး မီးသတ်ဦးစီးဌာနက စက်လှေကိုင်တွယ်ထိန်းသိမ်းမောင်းနှင်ရေးသင်တန်းဆင်း သရုပ်ပြပွဲအခမ်းအနားအား ယ​နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကန်သုံးဆင့်​ရေကန်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဒုတိယတိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ သင်တန်းဆင်း သရုပ်ပြပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ မီးသတ်တပ်ဖွဲ့ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ လိုအပ်ချက်အရပေါ်ပေါက်လာခဲ့သည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သမိုင်းအထောက်အထားများအရ အထင်အရှား တွေ့ရမှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေနှင့် မီးသတ်တပ်ဖွဲကို ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်နိုင်ရေးနှင့် သဘာဝဘေးအန္တရာယ် အပါအဝင် အခြားသော ဘေးအန္တရာယ်များကျရောက်သည့်အခါ အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ဖြင်းဖြစ်ပါ​ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးဟာ မြစ်၊ချောင်း၊ အင်း၊ အိုင်များ ပေါများပြီး ပင်လယ်နှင့် ထိစပ်လျက်ရှိသည့်အတွက် နှစ်စဉ် ရေဘေးအန္တရာယ် အပါအဝင် မုန်တိုင်းဘေးအန္တရာယ် တို့ကို ရင်ဆိုင်ကြုံတွေ့နိုင်သည့်ဒေသတစ်ခုဖြစ်ပါကြောင်း၊ ​ဘေးန္တရာယ်များဖြစ်ပွားလာပါက တပ်မ​တော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ​ဒေသခံများနှင့်ပူး​ပေါင်း၍ ရှာ​ဖွေကယ်ဆယ်​ရေးနှင့် လုံခြုံ​ရေးလုပ်ငန်းများအား အချိန်နှင့်တ​ပြေးညီ ​ဆောင်ရွက်​ပေးလျှက်ရှိပါ​ကြောင်း၊ မိုခါမုန်တိုင်း​ဝင်​ရောက်ခဲ့သည့် ကာလအတွင်း တိုင်း​ဒေသကြီးတွင် ကြိုတင်ပြင်ဆင်မှုများ၊ စနစ်တကျ​ရွှေ့​ပြောင်းမှုများ၊ ရှာ​ဖွေကယ်ဆယ်​ရေးဇာတ်တိုက်​လေ့ကျင့်မှုများ​ဆောင်ရွက်ခဲ့ပါ​ကြောင်း၊ မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရသည့် ရခိုင်ပြည်နယ်တွင် ဧရာဝတီတိုင်းဒေသကြီးမှ ရှာဖွေကယ်ဆယ်ရေးတပ်ခွဲ(၁)ခွဲ မီးသတ်တပ်ဖွဲ့ဝင် (၁၁၆)ဦးအား (၁၆.၅.၂၀၂၃)ရက်နေ့မှ ယ​နေ့အချိန်ထိ သွား​ရောက် တာဝန်ထမ်း​ဆောင်လျက်ရှိပါကြောင်း၊ သဘာဝဘေးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် အန္တရာယ်များ မကျရောက်မီကပင် ကြိုတင်လေ့ကျင့်ရေးလုပ်ငန်းများ​ဆောင်ရွက်ထားရပါ​ကြောင်း၊ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်သည့်အခါ ထိခိုက်မှုအန္တရာယ်နဲ့ အသက်ဘေးအန္တရာယ်မကြုံတွေ့စေရန်ကျွမ်းကျင်မှု ကြံ့ခိုင်မှုများကို အပြည့်အဝအသုံးချပြီး  အောင်မြင်​အောင် ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ တပ်ဖွဲ့ဝင်တစ်ဦးချင်း စွမ်း​ဆောင်ရည်မြင့်မား​အောင် ကြိုးပမ်း​နေခြင်းသည် တပ်ဖွဲ့တစ်ခုလုံး၏ ဂုဏ်ကိုမြှင့်တင်​နေခြင်းဖြစ်ပါ​ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအ​နေဖြင့် ရှာ​ဖွေကယ်ဆယ်​ရေးနှင့်မီးငြှိမ်းသတ်​ရေး ဇာတ်တိုက်​လေ့ကျင့်မှုများအား အချိန်အခါ​အ​လှောက် စဥ်ဆက်မပြတ် ​လေ့ကျင့်သွားကြရန်”အမှာစကားပြောကြားသည်။ ဆက်လက်၍ သရုပ်ပြအဖွဲ့မှ စွမ်းရည်များ သရုပ်ပြသခွင့် တောင်းခံပြီး ကမ်းစပ်တွင် ဆက်သုံးဆီအတင်၊ အချပြုလုပ်နေသည့် စက်လှေမီးလောင်မှုဖြစ်စဉ်တွင်  Fire Boat ၊ Assault Boat ၊ Fiber Boatများ အသုံးပြု၍ ငြိမ်းသတ်ရေး ဆောင်ရွက်မှုသရုပ်ပြသခြင်း၊ Fire Boat ၊Assault Boat ၊ Fiber Boat များဖြင့် ရင်ဘောင်တန်းတန်း စီတန်း၍ ရေပက်ဖျန်းသရုပ်ပြသခြင်း၊ ရှေ့/နောက် စီတန်း၍ ရေပက်ဖျန်းသရုပ်ပြသခြင်း၊ လေးကိုင်းပုံသဏ္ဌာန် စီတန်းသရုပ်ပြသခဲ့ပြီး စက်လှေများဖြင့် မြှားဦးပုံသဏ္ဌာန် ဖြင့် စီတန်း၍ အလေးပြုတန်းဖြုတ်ထွက်ထွက်ခွာခဲ့ကြသည်။ ထို့​​နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်က သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်​ငွေများပေးအပ်ခဲပြီး ခင်းကျင်းပြသထားသည့် ခေတ်မီရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ကာ ကန်သုံးဆင့်​ရေကန်အတွင်းရှိ ​​ဘေးမဲ့ငါးများအား ငါးစာများ​ကျွေး​မွေးခဲ့ပါသည်။စက်လှေကိုင်တွယ်ထိန်းသိမ်းမောင်းနှင်ရေးသင်တန်းအား ယခုလ ၁၇ ရက်နေ့မှစတင်၍ ရက်သတ္တပတ်နှစ်ပတ်ကြာဖွင့်လှစ်ခဲ့ကာ အရာရှိနှင့် အခြားအဆင့် သင်တန်းသား (၅၀)ဦးအား စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးနိုင်ခဲ့ပါသည်။  ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မြောင်းမြမြို့နယ်၊ မွေတော်ရှမ်းစုကျေးရွာအုပ်စု၊ အုန်းပင်စု​ကျေးရွာရှိ တောင်သူ ဦးတင်​​ဖေ၏ လယ်​မြေ(၄၇)ဧက၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၃၈)စက်မှုလယ်ယာစခန်း(မြောင်းမြ)တို့ ပူးပေါင်းပြုလုပ်သည့် ကောက်စိုက်စက်ဖြင့် နယူးဧရာ-၁၊ ချမ်း​မြေ့​မေ၊ GW-11၊ De You-8၊ ဆာဖိုးသာ စပါးမျိုးများအား ​​ခြောက်တန်းသွားကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးခြင်းနှင့် RS to CS ​ပေါ်ဆန်းစပါး မျိုးစေ့ထုတ်စိုက်ခင်း အား လူအားဖြင့် ၆ တန်း ၁ တန်းလှပ် စိုက်ပျိုးခြင်းသရုပ်ပြပွဲအားလည်းကောင်း၊ ​မြောင်းမြမြို့နယ်၊ သပြေချောင်းကျေးရွာ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ ချမ်းမြေ့ဇေယျာစိုက်ပျိုးရေးကုမ္ပဏီနှင့်ပူးပေါင်းပြီး ဧက(၅၀၀)အဆင့်မြင့် လယ်ယာမြေစိုက်ခင်းကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးထုတ်လုပ်ရေး ​တောင်သူအထူးပညာ​ပေး အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦး​ကျော်ဝင်းက စိုက်ပျိုးရေးလုပ်ငန်းများ အ​ကောင်အထည်​ဖော်​ဆောင်ရွက်​နေမှုအ​ခြေများအား လိုက်လံရှင်းလင်းတင်ပြခဲ့ရာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်က"သီးထပ် စွမ်းအား တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်၊ ​မြေဆီလွှာဖွံ့ဖြိုးတိုးတက်​ရေးအတွက် သစ်စိမ်း​မြေသြဇာ(ပိုက်ဆံ​လျှော်)ထည့်သွင်းစိုက်ပျိုးရန်၊ သဘာဝ​မြေသြဇာနှင့် ဓါတ်​မြေသြဇာများ အချိုးကျ သုံးစွဲကြရန်နှင့် တစ်ဧကအတွက်နှုန်းတိုးတက်​​ထွက်ရှိအောင် ကြိုးပမ်း​ဆောင်ရွက်ကြရန်" မှာကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့၊နောက်မီးကျေးရွာအုပ်စု၊ အလံတိုင်​ကျေးရွာရှိ ဦးဖြိုးဝေကျော်၏ သဘာဝ​အတိုင်း​မွေးမြူသည့် ​ရေငန် ငါး၊ ပုစွန် ​မွေးမြူ​ရေးကန်သို့ သွားရောက်ကြည့်ရှုခဲ့ပြီး ဖမ်းယူရရှိမှုအခြေအနေများ၊ ဈေးကွက်အတွင်း တင်ပို့ရောင်း ချမှုအခြေအနေများ၊ နှစ်အလိုက်အမြတ်အစွန်းရရှိမှုများကို မေးမြန်းခဲ့ရာ ဦးဖြိုးဝေကျော်က သိရှိသည်များကို ရှင်းလင်းဖြေကြားခဲ့သည်။ ထို့​နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အလံတိုင်​​ကျေးရွာရှိ ဦးသိန်းလှိုင်၏ ငါး၊ ပုစွန် ​ရောင်းဝယ်​ရေးဒိုင်သို့​ရောက်ရှိ၍ ​ငါး၊ ပုစွန်​ကောက်ယူရရှိမှုအ​ခြေအ​နေများ၊ စျေးကွက်သို့တင်ပို့​ရောင်းချမှုအ​ခြေအ​နေများအား ​မေးမြန်းခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်၊ ကြက်ဖမွေးဇောင်းကျွန်းပတ်တာအတွင်းရှိ ဝါးချောင်းရေတံခါးသို့ သွားရောက်ခဲ့ရာ တာဝန်ရှိသူများက ဧရာအားမာန်သမဝါယမစိုက်ကွင်းသို့ ရေချိုရရှိရေးဆောင်ရွက်မည့်အစီအစဉ်များ၊ သပြေကန်သိမ်ကုန်းဧရိယာနှင့် ကြက်ဖမွေးဇောင်းကျွန်းပတ်တာအတွင်း တိုးတက်ရေချိုပေးဝေနိုင်မည့်အခြေအနေများ၊ သပြေကန်သိမ်ကုန်း ဧရိယာအတွင်း ဆောင်ရွက်မည့်လုပ်ငန်းများ၊ ကြက်ဖမွေးဇောင်းကျွန်းပတ်တာ နွေစပါးစိုက်ဧကများ တိုးချဲ့စိုက်ပျိုးနိုင်ရန် ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြရာ တိုင်း​​ဒေသကြီးဝန်ကြီးချုပ်က ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများအမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရေး လမ်းညွှန်မှာကြားပြီး ဒေသခံတောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။


Read More...
28-Jul-2023
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူး၍ ဒွါဒသမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့် ဆီ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူး၍ ဒွါဒသမအကြိမ်မြောက် စုပေါင်းဝါဆို သင်္ကန်း၊ ဆွမ်းဆန်တော်နှင့် ဆီ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် ဇနီး၊ ဒုတိယတိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ စုပေါင်းဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့် ဆီ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား အား  “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်ဩဝါဒါ စရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံ ညောင်ပင်သာပရိယတ္တိ စာသင်တိုက်၏ ပဓာနနာယဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)  မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ် တရားတော်များအား ဆက်လက်နာယူကြည်ညိုခဲ့ကြကာ ဆရာတော် သံဃာတော် အရှင်သူမြတ် များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ဒုတိယတိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများက ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့်ဆီ လှူဖွယ်ဝတ္ထု ပစ္စည်းများအား လည်းကောင်း၊  တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက သီလရှင်ဆရာကြီးသုံးပါးနှင့် တိုင်းမှူး၏ ဇနီးက သီလရှင်ဆရာကြီးနှစ်ပါးတို့အား သီလရှင်ဝတ်စုံ၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍  တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တသောဘိတ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့်  ဧည့်ပရိတ်သတ်များက အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီးများ အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ပြီး ဧည့်ပရိတ်သတ်များအား နေ့လယ်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ပါသည်။ ဒွါဒသမအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့် ဆီ ဆက်ကပ်လှူဒါန်းပွဲ တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၏ စုပေါင်းလှူဒါန်းမှုဖြင့်  ပုသိမ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက်(၂၀၀)တွင် ဝါဆို ဝါကပ်တော်မူကြမည့် သံဃာတော် (၁၁၈၈)ပါးအတွက် ဝါဆိုသင်္ကန်း(၁၁၈၈)စုံ၊ ဆွမ်းဆန်တော်၊ ဆီနှင့် ပုသိမ်မြို့ပေါ် စာသင်တိုက်ရှိ သီလရှင် ဆရာကြီး၊ ဆရာလေး(၄၅)ပါးအတွက် သီလရှင်ဝတ်စုံ(၄၅)စုံ၊ ဆွမ်းဆန်တော်နှင့် ဆီများ စုစုပေါင်း ဆွမ်းဆန်တော်(၂၀၁)အိတ်၊ ဆီ(၁၀၀၅)ပိဿာ လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိ ပါသည်။


Read More...
27-Jul-2023
လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား ယနေ့ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)၌ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing  စနစ်ဖြင့် တက်ရောက်ခဲ့ ကြသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က " မိမိတို့တိုင်းဒေသကြီး သည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သီးနှံ အထွက်နှုန်းကို ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးစပါး တစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေး အတွက်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထွက်နှုန်းတိုးတက်စေရေးအတွက် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်း၊ သုတေ သနပြု လုပ်ငန်းများဆောင်ရွက်ခြင်း၊ မျိုးကောင်း မျိုးသန့်များစိုက်ပျိုးခြင်းနှင့် စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးလျက်ရှိပါကြောင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် လာမည့်နှစ်တွင် တိုင်းဒေသကြီးအတွင်းရှိ စိုက်ဧကအားလုံး ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးနိုင်ရေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ စားသုံးဆီဖူလုံရေး အတွက် ဆီထွက်သီးနှံများဖြစ်သည့် နေကြာ၊ နှမ်း၊ မြေပဲ သီးနှံများကိုလည်း တိုးချဲ့စိုက်ပျိုးပြီး အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ပီလောပီနံ၊ ငရုတ်ကောင်းနှင့် ကော်ဖီသီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက်လည်း ဆောင်ရွက်ကြရန်လိုကြောင်း၊ စွမ်းအားပြည့်စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးမြေများအားလုံး သီးထပ် စွမ်းအား ပြည့်စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပြီး ပန်းတိုင်အထွက်နှုန်း ရောက်ရှိအောင် အားလုံးတက်ညီလက်ညီဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ရေငံဝင်ရောက်သည့် ဒေသများတွင် စပါးတစ်သီးတည်းစိုက်ပျိုးခြင်းထက် ပိုမိုအကျိုးရှိနိုင်မည့် ရေငန် ငါး၊ ပုစွန် မွေးမြူရေး ဆောင်ရွက်နိုင်မည့် အခြေအနေများကို စိစစ်တင်ပြရန်နှင့် စားရေရိက္ခာဖူလုံရေး အတွက် မွေးမြူရေးထုတ်ကုန်များကိုလည်း တိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများအပေါ် အခြေခံသည့် ထုတ်ကုန်ပစ္စည်းများ အား တန်ဖိုးမြှင့်ကုန်ပစ္စည်းများအဖြစ်သို့ ပြောင်းလဲထုတ်လုပ်နိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် MSME လုပ်ငန်းများကို အားပေးသည့်လုပ်ငန်းများဆောင်ရွက်ရန်၊ တာဝန်ရှိသူအဆင့်ဆင့် အနေဖြင့် မြေပြင်အရောက် ကွင်းဆင်းစစ်ဆေးရန်" အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူးက ၂၀၂၂-၂၀၂၃ ခုနှစ် ရိုးပြတ်ကျန်ဧရိယာများအပေါ် နှစ်အလိုက်ဖော်ထုတ်မည့် အခြေအနေနှင့် စပါးတစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေး မျိုး၊ မြေ၊ ရေ၊ နည်း ဆောင်ရွက်မည့် အစီအမံများ၊ ၂၀၂၃-၂၀၂၄ခုနှစ်၊ ပီလောပီနံစိုက်ပျိုးပြီးစီးမှုအခြေအနေများ၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးက ငရုတ်ကောင်းတိုးချဲ့စိုက်ပျိုးနိုင်မည့် အခြေ အနေများ၊ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးမှူးက ရေငန် ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်ပြီစီးမှုအခြေအနေများအား ဆွေးနွေးတင်ပြခဲ့ကြပြီး အစည်းအဝေးသို့ တက်ရောက် လာသူများ၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။


Read More...
26-Jul-2023
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၃/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၃/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီး၌ ရင်းနှီးမြှုပ်နှံများသည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အထည်ချုပ်လုပ်ငန်းနှင့် ပတ်သက်သည့် စက်ရုံအလုပ်ရုံများတွင် ရင်းနှီးမြှုပ်နှံများ ဆောင်ရွက် လုပ်ကိုင်လျက်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ ပတ်ဝန်းကျင် ထိခိုက်မှုများ မရှိစေရေးအတွက် ဆွေးနွေးခဲ့ပြီး ကုမ္ပဏီများအနေဖြင့် အတည်ပြုမိန့် သဘောတူညီမှုများ ရရှိ၍ မြေပြင်တွင် လုပ်ငန်းများဆောင်ရွက်သောအခါ  ပတ်ဝန်းကျင်အကြံပြုချက်များနှင့် ပတ်သက်၍ အကောင်အထည်ဖော်သည့်သူများရှိသကဲ့သို့ အပြည့်အဝလိုက်နာ အကောင်အထည် ဖော်နိုင်ခြင်း မရှိသည်ကိုလည်း တွေ့ရှိရပါကြောင်း၊  စက်ရုံ၊ အလုပ်ရုံများမှ ထွက်ရှိသည့် စွန့်ပစ် ပစ္စည်းများမှ သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုမရှိစေရေးအတွက် လမ်းညွှန်အကြံပြုချက်များ အပေါ် အလေးထားလိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုး၊ မွေးမြူရေး တိုင်းဒေသကြီးကို အခြေခံသည့်တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ စားရေရိက္ခာဖူလုံရေး အတွက် လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ အချို့သည် လုပ်ငန်းဆောင်ရွက်မှု တိုးတက်မှုရှိသကဲ့သို့ အချို့လုပ်ငန်းများသည် တိုးတက်မှု နှေးကွေးသည် ကို တွေ့ရှိရပြီး လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများအောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုပါကြောင်း၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဝင်များအနေဖြင့်လည်း လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် ဝိုင်းဝန်းဆွေးနွေး ပေးကြ စေလိုကြောင်း”အမှာစကားပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူးက  Shwe Zabar Myanmar Company Limited ၏ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆန်စပါးထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ အရောင်တင်ခြင်း၊ ရောင်းချခြင်းနှင့် တင်ပို့ခြင်းလုပ်ငန်းကို မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေနှင့်အညီ အတည်ပြုလျှောက်ထားလွှာ တင်ပြလာခြင်းကိစ္စ၊ Resilient Power & Energy Company Limited ၏ ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် နေစွမ်းအင် ကိုအသုံးပြု၍ လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ အတည်ပြုလျှောက်ထားလွှာ တင်ပြလာခြင်းကိစ္စ၊ Shwe Wah Nadi Agriculture Production Company Limited ၏ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆန်စပါးကြိတ်ခွဲ ထုတ်လုပ်တင်ပို့ရောင်းချခြင်းလုပ်ငန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ အတည်ပြုလျှောက်ထားလွှာ တင်ပြလာခြင်းကိစ္စနှင့် ဆန်ကြိတ်ခွဲ ထုတ်လုပ်တင်ပို့ရောင်းချခြင်း လုပ်ငန်း၏စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စ၊ Htoo Htet Han Co., Ltdမှ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဝက်မွေးမြူရောင်းချခြင်းလုပ်ငန်းအား စုစုပေါင်းရင်းနှီးမြှုပ်နှံမှု တန်ဖိုးတိုးမြှင့် ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စတို့အား ဆွေးနွေးတင်ပြခဲ့ပြီးနောက်  တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များ၏ အထွေထွေဆွေးနွေးတင်ပြချက်များနှင့် ကုမ္ပဏီများ၏ လျှောက်ထားတင်ပြမှုများအပေါ်  တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။


Read More...
26-Jul-2023
ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်း အပြည်ပြည်ဆိုင်ရာ ဒီ​ရေ​တော​ဂေဟစနစ် ထိန်းသိမ်း​ရေး​နေ့အထိမ်းအမှတ်၊ ၂၀၂၃ ခုနှစ် မိုးရာသီ ဒီ​ရေ​တောသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတက်​ရောက်
ဧရာဝတီတိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်​မောင်ဝင်းသည် တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယ​နေ့ ည​နေပိုင်းတွင် ဖျာပုံခရိုင်၊ ဘိုက​လေးမြို့နယ်၊ ချောင်းဗြဲကြီး​ကျေးရွာ၊ ကဒုံကနိ​ကြိုးဝိုင်း၊ အကွက်အမှတ် (၆၀)နှင့် ဂွေး​ချောင်းကြီး​ကျေးရွာ၊ ကဒုံကနိကြိုးဝိုင်း၊ အကွက်အမှတ် (၅၃)တို့တွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ဒီ​ရေ​တော​ဂေဟစနစ် ထိန်းသိမ်း​ရေး​နေ့အထိမ်းအမှတ်၊ ၂၀၂၃ ခုနှစ် မိုးရာသီ ဒီ​ရေ​တော သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့တက်​ရောက်ခဲ့ပြီး ​ဌာနဆိုင်ရာများ၊ ​ဒေသခံပြည်သူများနှင့်အတူ  ပျိုးပင်များအား စိုက်ပျိုးခဲ့ပါသည်။ ထို့​နောက် တိုင်းဒသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ ဒီ​ရေ​တောစိုက်ခင်းတွင် ပျိုးပင်များ စု​ပေါင်းစိုက်ပျိုး​နေမှုများအား လိုက်လံကြည့်ရှုအား​ပေးခဲ့ကာ ​ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါသည်။  အဆိုပါ အပြည်ပြည်ဆိုင်ရာ ဒီ​ရေ​တော​ဂေဟစနစ် ထိန်းသိမ်း​ရေး​နေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပွဲတွင် သမဲ့ကြီး၊ ဗြူး​ရွှေဝါ၊ ကျန၊ လမု၊ အုန်း ပျိုးပင်စုစု​ပေါင်း အပင် (၂၇၀၀)ခန့်စိုက်ပျိုးခဲ့ပြီး ဧရာဝတီတိုင်း​ဒေသကြီးအတွင်း ၂၀၂၃ ခုနှစ်၊ မိုးရာသီတွင် ဘိုက​လေးမြို့နယ်နှင့် လပွတ္တာမြို့နယ်တို့၌ ဒီ​ရေ​တောစိုက်ဧကစုစု​ပေါင်း(၂၄၀၀)ဧက စိုက်ပျိုးခဲ့​​ကြောင်း သတင်းရရှိပါသည်။


Read More...
25-Jul-2023