သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ မြို့ဟောင်းကျေးရွာရှိ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ မြောင်းမြမြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ မြို့ဟောင်းကျေးရွာရှိ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ကုန်းသာကျေးရွာမှ ဘုရားနီ ကျေးရွာချင်းဆက်ကွန်ကရစ်လမ်း အရှည် (၅၆၃၀)ပေ၊ အကျယ် (၁၂)ပေ၊ ထု(၈)လက်မ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ မြို့ဟောင်းကျေးရွာရှိ မြောင်းမြမြို့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မုခ်ဦးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းကျောက်စာအား နံ့သာရည်ဖြင့် ပက်ဖြန်းပေးခဲ့ကာ ကရင်ဒုံးယိမ်းအကအဖွဲ့အား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့အမှတ်(၁၁)အခြေခံပညာ အထက်တန်းကျောင်း (မြို့မ)သို့လည်းကောင်း၊ အမှတ်(၂၄)အခြေခံပညာ မူလတန်းကျောင်းသို့လည်းကောင်း သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ စတင်ကျောင်းအပ် လက်ခံနေမှုများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများ၊ သင်ကြားရေးအထောက်အကူပြု စာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာပစ္စည်းများ အခမဲ့ထောက်ပံ့ပေးအပ်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။


Read More...
23-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြပညာရေးဒီဂရီကောလိပ်တွင် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၃/၂၀၂၄)သို့ တက်ရောက်အားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ မြောင်းမြပညာရေး ဒီဂရီကောလိပ်၊ မြရတုခန်းမတွင် ပြုလုပ်သည့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၃/၂၀၂၄)သို့ တက်ရောက်ခဲ့သည်။ ဦးစွာ အခမ်းအနားအား တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမများက မြောင်းမြပညာရေးဒီဂရီကောလိပ်သီချင်းဖြင့် စုပေါင်းသီဆိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာများသည် အခြေခံပညာကျောင်း များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေသူများဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်သည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းရင်းသား ဘာသာစကားသင် ဆရာ၊ ဆရာများခန့်အပ်သည့်အတွက် တိုင်းရင်းသားများပညာသင်ယူမှုတွင် များစွာအထောက်အကူပြုပါကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်လာအောင် တိုင်းရင်းသား ဘာသာစာပေသင် ဆရာ၊ ဆရာများအပါအဝင် ဆရာ၊ ဆရာမ အားလုံးက ပြုစုပျိုးထောင် ပေးရမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာများသည် ကလေးငယ်များ၏ စံနမူနာပြ လက်ဦးဆရာများဖြစ်ရာ ဝတ်စားဆင်ယင်မှုမှစ၍ အထူးဂရုပြုရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ရည်မှန်းချက်များအောင်မြင်အောင် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ပညာရေးကဏ္ဍနှင့် တိုင်းရင်းသား များ၏ ပညာသင်ကြားနိုင်မှုအခွင့်အလမ်းများ ပိုမိုတိုးတက်မြင့်မားရေး ကြိုးပမ်းဆောင်ရွက် သွားကြစေလိုကြောင်း” အမှာစကားများပြောကြားသည်။ ထို့နောက် မြို့နယ်အလိုက် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲသို့ တက်ရောက်နေသည့် ဆရာ၊ ဆရာမများနှင့် မိတ်ဆက်ပေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ မြောင်းမြပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးကလက်ခံရယူခဲ့သည်။ တိုင်းရင်းသားဘာသာစာပေသင် ဆရာအတတ်ပညာအရည်အသွေးမြှင့် အထောက်အကူ ပြုဆွေးနွေးပွဲ(၃/၂၀၂၄)အား (၂၀.၅.၂၀၂၄)ရက်နေ့မှ (၂၉.၅.၂၀၂၄) ရက်နေ့ထိ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များမှ တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမ (၃၂၇)ဦး တက်ရောက်လျက်ရှိပါသည်။


Read More...
23-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မြောင်းမြမြို့တွင် ကျောင်းသား၊ ကျောင်းသူများ စတင်ကျောင်းအပ်လက်လက်ခံနေမှုများကိုကြည့်ရှုအားပေး၊ မြောင်းမြမြို့၊ သာသနာ့ဗိမာန်အကြီးစားပြုပြင်တည်ဆောက်ပြီးစီးခြင်း ရေစက်ချမင်္ဂလာအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြောင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများ စတင်ကျောင်းအပ် လက်ခံနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ KG တန်းမှ ဒွါဒသမတန်း (Grade-12) အထိ ကျောင်းသား၊ ကျောင်းသူများ စတင်ကျောင်းအပ်လက်ခံနေမှုများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံများ၊ သင်ကြားရေးအထောက်အကူပြုစာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများ အခမဲ့ထောက်ပံ့ပေးအပ်နေမှုများကို ကြည်ရှု့အားပေးပြီး ကျောင်းသား၊ ကျောင်းသူများ အတန်းစဉ်ကူးပြောင်းမှုများ မကျန်ရှိစေရေးအတွက်အောင်ချက်စာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးကာ ဆရာ၊ ဆရာမများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် မိဘများက ပူးပေါင်းဆောင်ရွက်ကြစေရေး၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေးတာဝန်ရှိသူ များအား မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မြို့ကျက်သရေဆောင် သာသနာ့ဗိမာန်အကြီးစားပြုပြင် တည်ဆောက်ပြီးစီးခြင်း ရေစက်ချ မင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး၊ မတည်အလှူရှင်နှင့် တာဝန်ရှိသူများက ဗိမာန်တော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။ ဆက်လက်၍ သာသနာ့ဗိမာန်အကြီးစားပြုပြင်တည်ဆောက်ပြီးစီးခြင်း ရေစက်ချမင်္ဂလာ အခမ်းအနားကိုပြုလုပ်ရာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) မြောင်းမြမြို့၊ ဇေယျမေဒနီစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တစန္ဒဝရ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော မေတ္တာသုတ်”ပရိတ်တရားတော်ကို ဆက်လက်နာယူကြည်ညိုကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး မတည်အလှူရှင် ဦးတင့်ဆန်း (ပြည်ထောင်စုဝန်ကြီး - အငြိမ်းစား) မှ သာသနာ့ ဗိမ္မာန် ဆောက်လုပ်ပြီးစီးမှုနှင့်စပ်လျဉ်း၍ ကျေးဇူးတင်ပီတိစကားများ ဆက်လက်လျှောက်ထားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး၊ အစိုးရအဖွဲ့ဝင်များနှင့် အလှူရှင် များက ဆရာတော် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။ ယင်းနောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) မြောင်းမြမြို့၊ အလယ်တောရကျောင်းတိုက်၊ ပဓာနနာယကဆရာတော် ဘဒ္ဒန္တပညာသီဟ မဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အနုမောဒနာ တရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ“ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့သည်။


Read More...
23-May-2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ကဆုန်လပြည့်( ဗုဒ္ဓနေ့) ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲအခမ်းအနား၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ကဆုန်ညောင်ရေသွန်းပွဲအခမ်းအနားများကျင်းပ
၁၃၈၆ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော် ဗုဒ္ဓါဘိသေကအနေကဇာ တင်လှူပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနားအား ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးအာရုံခံတန်ဆောင်းအတွင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ ဩဝါဒစရိယဆရာတော်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲနှင့် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားအား ကြွရောက်တော်မူလာကြသော ဩဝါဒစရိယ ဆရာတော်ကြီးများက ဗုဒ္ဓဘိသေက အနေကဇာတင်တော်မူကြ ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ် မှူးနှင့်ဇနီးတို့က ဩဝါဒစရိယဆရာတော်ကြီးများအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ရေစက်ချမင်္ဂလာအခမ်းအနားကိုကျင်းပရာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များကကိုးပါးသီလ ခံယူဆောက်တည်ခဲ့ကြကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆရာတော် သံဃာတော်အရှင်သူမြတ်များထံသို့ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ္မ ဇောတိက) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ“ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ဆက်လက်၍ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင်ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)တွင် မြတ်စွာဘုရားအမှူးပြုသော သံဃာတော်(၂၂၂၀)ပါး၊ သီလရှင်(၁၂၄ )ပါး၊ စုစုပေါင်း(၂၃၄၄)ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားကို ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ခဲ့ကြသည်။ ဆက်လက်၍ ညနေပိုင်းတွင် ပုသိမ်မြို့၊ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ အရှေ့တောင်ဘက် အင်္ဂါထောင့်ရှိ မဟာဗောဓိပင်တော် အမှတ်(၁)နှင့် မဟာဗောဓိပင်တော် အမှတ်(၂)တို့တွင် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲမဟာမင်္ဂလာအခမ်းအနားအား ကျင်းပရာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက "နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပါသည်။ ထို့​နောက် ဗုဒ္ဓ​ရောင်ခြည်​တော်ဖွဲ့ပူ​ဇော်ပြီး မင်္ဂလာငွေခရုဖြင့် ပူ​ဇော်ခဲ့ပြီးနောက် အခမ်းအနားမှူးက “မဟာဗောဓိ ရုက္ခောဒကပူဇာ” ဂါထာတော်ကိုရွတ်ဖတ်ပူဇော်ခဲ့သည်။ ထို့​နောက် တိုင်း​ဒေသကြီး ဝန်ကြီးချုပ်၊ အ​နောက်​တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက သတ်မှတ်နေရာများတွင် နေရာယူကြပြီး အခမ်းအနားမှူးမှ “ဇယောဟိဗုဒ္ဓဿ”ဂါထာတော်များ ရွတ်ဖတ်ပူဇော်ပြီးသောအခါ မဟာဗောဓိပင် ညောင်တော်အား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြသည်။ ဆက်လက်‌၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် အခမ်းအနားသို့တက်ရောက်လာကြသည့် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများက အလှည့်ကျနေရာယူ၍ မဟာဗောဓိညောင်ပင်တော်အား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။ ထို့​နောက် အခမ်းအနားမှူးက အောင်ဆုမင်္ဂလာအမျှဝေစာတမ်းဖတ်ကြား၍ အမျှဝေခဲ့ပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။


Read More...
22-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နွေရာသီအဆင့်မြင့်အားကစားသင်တန်းများ သင်တန်းဆင်းပွဲအခမ်းအနားသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သည့် နွေရာသီအဆင့်မြင့်အားကစား သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “နွေရာသီအားကစားသင်တန်းများအား ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးနှင့် ကျန်းမာသန်စွမ်း၍ ကာယ၊ ဉာဏ ဘက်စုံဖွံ့ဖြိုးသည့် လူငယ်များဖြစ်ပေါ်လာစေရေးရည်ရွယ်၍ နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်လှစ်ခြင်း၊ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ မြန်မာ့အားကစားကို နိုင်ငံတကာအဆင့်မီတက်လှမ်းနိုင်ရန်ရည်ရွယ်၍ ရေတို၊ ရေရှည်စီမံကိန်းများချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာတွင် မျိုးဆက်သစ်လူငယ်များ စုဆောင်းရရှိရေးသည် အဓိကအရေးကြီးဆုံးဖြစ်ပါကြောင်း၊ လူငယ်သွေးသစ်အားကစားသမားများကို အခြားနိုင်ငံများနည်းတူ ခေတ်မီအားကစားပစ္စည်းများနှင့် လေ့ကျင့်နိုင်ရန် အားကစားကွင်း/အားကစားရုံများ ပြည့်စုံစေရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် အလေးထား စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့်ပညာရည်မြင့်မားရေး” ဆိုသည့်ရည်ရွယ်ချက်ကို အောင်မြင်စေရန် လူတစ်စုအားကစားမှ လူထုလူတန်းစား တစ်ရပ်လုံးပါဝင်သည့် အားကစားဖြစ်လာအောင် အဖက်ဖက်မှ ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်၏ အနာဂတ်မျှော်မှန်းချက်များ ဖြစ်မြောက်လာအောင် ယခုသင်တန်းသို့ တက်ရောက်ခဲ့ကြသည့် သင်တန်းသား/သင်တန်းသူများ အနေဖြင့် ဆက်လက်ကြိုးစားဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် နွေရာသီအဆင့်မြင့်အားကစား သင်တန်းများကို ပြီးမြောက်အောင်တက်ရောက်ခဲ့ကြပြီး ယခုသင်တန်းမှ အားကစားနည်းအလိုက် သင်ကြားပေးသည့် အားကစားအဆင့်မြင့်ပညာများကို မမေ့မလျော့အောင် ပြန်လည်အသုံးချကြရန်လိုပါကြောင်း၊ ထို့အပြင် မိမိတို့တိုင်းဒေသကြီးမှ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများကို အတုယူ၍ မြို့နယ်/ခရိုင်/တိုင်းဒေသကြီးမှသည် နိုင်ငံ့လက်ရွေးစင်အဆင့်အထိ တက်လှမ်းနိုင်သည့် အားကစားသမားများဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း” တိုက်တွန်း အမှာစကားများ ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းနည်းပြဆရာများအား ဂုဏ်ပြု ထောက်ပံ့ငွေများနှင့် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များအား လည်းကောင်း ပေးအပ်ခဲ့ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ဂျူဒိုအားကစားအဖွဲ့၊ ရိုးရာခြင်းလုံးအားကစားအဖွဲ့၊ တိုက်ကွမ်ဒိုအားကစားအဖွဲ့၊ မြန်မာ့သိုင်းအားကစားအဖွဲ့နှင့် Fitness Dance အဖွဲ့များ၏ သရုပ်ပြသခြင်းများကို ကြည့်ရှုအားပေးခဲ့ကာ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။ အဆိုပါ နွေရာသီအဆင့်မြင့်သင်တန်းကို ဧပြီလ(၂၂) ရက်နေ့မှ ယခုလ(၂၁)ရက်နေ့အထိ ဘောလုံး၊ တင်းနစ်၊ တိုက်ကွမ်ဒို၊ ရိုးရာခြင်းလုံး၊ စက်ဘီး၊ မြန်မာ့သိုင်း၊ ရေကူး၊ ကြက်တောင်၊ ပိုက်ကျော်ခြင်း၊ အေရိုးဗစ် အားကစားနည်း(၁၀)မျိုးအား ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၃၁၅)ဦး တက်ရောက်သင်ကြားခဲ့ကြောင်းသိရသည်။


Read More...
21-May-2024