သတင်းများ


ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂ဝ၂၄-၂ဝ၂၅ ခုနှစ်၊ စိုက်ပျိုးရာသီတွင် သီးနှံများလျာထားချက် ပြည့်မီအောင်စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
၂ဝ၂၄-၂ဝ၂၅ ခုနှစ်၊ စိုက်ပျိုးရာသီတွင် သီးနှံများလျာထားချက်ပြည့်မီအောင်စိုက်ပျိုး နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၉.၅.၂၀၂၄)ရက်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“  ဧရာဝတီတိုင်းဒေသကြီးကို အနောက်တောင်မုတ်သုံလေ ဝင်ရောက်ခဲ့ပြီးဖြစ်ရာ ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီတွင် ရည်မှန်းချက်ပေးထားသည့်စိုက်ဧကပြည့်မီရေးနှင့် သီးနှံစုံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအပေါ် ဌာနဆိုင်ရာပေါင်းစပ်ညှိနှိုင်းပေးရန်ဖြစ်ပါကြောင်း၊ နွေစပါးရိတ်သိမ်းပြီးစီးမှု (၉၈ %) ကျော်ရှိပြီး တစ်ဧကပျမ်းမျှ(၁၁၀)တင်းကျော်ထွက်ရှိသဖြင့် ယခုနှစ်နွေစပါးပန်းတိုင်အထွက်နှုန်းရောက်မည့်နှစ်ဖြစ်ပါကြောင်း၊ အစေ့ထုတ်ပြောင်းမှာ ပန်းတိုင်အထွက်နှုန်းရောက်ရှိပြီးဖြစ်ပြီး မိုးစပါး ၁ဧက ၁၀ တင်းနှုန်း ပိုမိုထွက်ရှိရေးနှင့် မြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်းပန်းတိုင်အထွက်နှုန်း ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်း ရောက်ရှိရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်းစသည့် နည်းလမ်းလေးသွယ်ဖြင့် စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သီးထပ်စွမ်းအား တိုးတက်စေရေးအတွက်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြပ်မတ် ဆောင်ရွက်လျက်ရှိပြီး နှစ်အလိုက်ရည်မှန်းချက်များ ချမှတ်လျာထားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေရရှိရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်မိုးစပါးရာသီတွင် ရေတော်မိုးတော်စိုက်ဧက (၂၇)သိန်းကျော်အား သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) များအပြည့်အဝထည့်သွင်း စိုက်ပျိုးသွား မည်ဖြစ်ပါကြောင်း၊ ကြဲခင်းများ လျော့နည်းပပျောက်စေရေးအတွက် စပါးမျိုးစေ့ချကိရိယာ Drum Seeder များအသုံးပြုစိုက်ပျိုးခြင်းဖြင့် ကြဲခင်းစနစ်များ လျော့နည်းပပျောက်စေမည့်အပြင် မျိုးစပါးကုန်ကျမှုသက်သာခြင်းနှင့် ငွေကြေးကုန်ကျမှုကိုလည်း များစွာသက်သာစေမည်ဖြစ်ပါကြောင်း၊ မျိုးေစ့လွှမ်းခြုံမှု ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရန်အတွက် ကုမ္ပဏီ၊ တောင်သူ၊ စိုက်ပျိုးရေးဌာနများက ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စိုက်ဧကများလျာထားချက်ပြည့်မီရေး၊ အထွက်နှုန်း၊ စာရင်းဇယားများမှန်ကန်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးရေးအထူးဇုန်နှစ်ခု အကောင်အထည်ဖော် စိုက်ပျိုးသွား မည်ဖြစ်ပြီး ကျန်ခရိုင်များတွင်လည်း ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ နည်းပညာနှင့် တောင်သူအသိပညာပေးလုပ်ငန်းများအတွက် ပညာရှင်များဖိတ်ခေါ်ဆွေးနွေးဆောင်ရွက်ခဲ့ပြီး လိုအပ်သော ပံ့ပိုးမှုများကိုလည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မွေးမြူရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ ပုသိမ်မြို့အနီး နို့စားနွားမွေးမြူရေးဇုန်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် စက်မှုလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း” အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးအတွင်း အဓိကသီးနှံများပန်းတိုင် အထွက်နှုန်းရရှိရေး၊ ကြဲခင်း စနစ်လျော့နည်းပပျောက်ရေး၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) တိုင်းလုံးကျွတ်ထည့်သွင်း မြေမြှုပ်နိုင်ရေး၊ ဆီဖူလုံမှုရှိစေရေးနှင့်မိုးစပါးတစ်ဧက(၁၀)တင်း ပိုမိုတိုးတက်ထွက်ရှိရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍  တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးကလည်းကောင်း၊ တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ စိုက်ပျိုးရာသီတွင် သုံးသီးစိုက်ဧကနှင့် ရိုးပြတ်ကျန်ဧရိယာများ ဖော်ထုတ်စိုက်ပျိုးနိုင်ရေးအတွက် တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာန၊ တိုင်းဦးစီးမှူးကလည်းကောင်း၊ တိုင်းဒေသကြီးအတွင်း ကြဲခင်းစနစ် ပပျောက်ရေးအတွက် Drum Seeder ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေမှုနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဦးစီးမှူးကလည်းကောင်း၊ တိုင်းဒေသကြီးအတွင်း သီးနှံများလျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးကလည်းကောင်း၊ တိုင်းဒေသကြီးအတွင်း မွေးမြူရေးဇုန်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေ များအား တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးကလည်းကောင်း၊ တိုင်းဒေသကြီးအတွင်း သီးနှံများလျာထားချက်ပြည့်မီအောင်  စိုက်ပျိုးနိုင်ရေးအတွက် လုပ်ငန်း ဆောင်ရွက်မှုများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ရှင်းလင်းတင်ပြကြသည်။ ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးတင်ပြကြခဲ့ကြပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဖြည့်စွက်ရှင်းလင်းဆွေးနွေးတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် ပုသိမ်မြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁၁)အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် နေ့စဉ်ကျောင်းအပ်နှံလက်ခံမှုစာရင်းများအား မေးမြန်းခဲ့ပြီး မျှော်မှန်း ကျောင်းသားဦးရေပြည့်မီရေး၊ အပ်နှံရန်ကျန်ရှိသူများရှိပါက အုပ်ချုပ်ရေးအဖွဲ့များနှင့်ပူးပေါင်း ဆောင်ရွက်ရေးမှာကြားခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာပညာသင်ယူနိုင်ရေး၊ ကျောင်းဆောင်လိုအပ်သည့် စာသင်ကျောင်းများအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး၊ ကျောင်းများဥပဓိရုပ် ကောင်းမွန်စေရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး အလေးထားဆောင်ရွက် ကြရန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။


Read More...
30-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်စက်မှုဇုန်တွင် လက်ဆွဲကောက်စိုက်စက် စမ်းသပ်ထုတ်လုပ်နေမှုများနှင့် ပုသိမ်မြို့ပေါ်ရှိအခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုများကို ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်စက်မှုဇုန်တွင် လက်ဆွဲကောက်စိုက်စက် စမ်းသပ်ထုတ်လုပ်နေမှုနှင့် ပုသိမ်မြို့ပေါ်ရှိအခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပုသိမ်စက်မှုဇုန်တွင် လက်ဆွဲကောက်စိုက်စက် စမ်းသပ်ထုတ်လုပ်နေမှုကို ကြည့်ရှုအားပေးခဲ့ပြီး လက်ဆွဲကောက်စိုက်စက်များ ထုတ်လုပ်ရာတွင် တိုင်းဒေသကြီး၏ ရေမြေနှင့်ကိုက်ညီသည့် စက်ကိရိယာများ ဖြစ်ရန်လိုအပ်ကြောင်း၊ စမ်းသပ်မောင်းနှင်၍ လိုအပ်ချက်များကိုလည်း တစ်ပါတည်းပြုပြင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ လက်ဆွဲကောက်စိုက်စက်များ ထုတ်လုပ်အသုံးပြုပါက ကြဲခင်းစနစ်များကိုလည်း လျော့နည်းပပျောက်သွားစေမည်ဖြစ်ပါကြောင်း၊ တောင်သူများအတွက် အကျိုးပြုမည့် လက်ဆွဲကောက်စိုက်စက်များ အောင်မြင်စွာ ထုတ်လုပ်နိုင်ပါက တိုင်းဒေသကြီးအတွင်း အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်းနှင့် အောင်မြင်အောင်ဆောင်ရွက်ကြရန်” မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပုသိမ်မြို့အမှတ်(၉) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၆) အခြေခံပညာအထက်ကျောင်းများသို့ သွားရောက်ကာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၊ မိဘများအား အားပေးစကားများပြောကြားခဲ့ကာ တာဝန်ရှိသူများအား ကျောင်းစတင်အပ်နှံသည့်နေ့မှ နေ့အလိုက် ကျောင်းလာရောက်အပ်နှံမှု အခြေအနေများ၊  ရည်မှန်းကျောင်းသားဦးရေ အတိုင်းပြည့်မီအောင် အပ်နှံနိုင်မှုအခြေအနေများအား မေးမြန်းခဲ့ပြီး ကျောင်းအတွင်း၊ အပြင်၊ ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ကျောင်းဥပဓိရုပ်များကောင်းမွန်စေရေး၊ ကျောင်းသား ကျောင်းသူများ အတန်းစဉ်ကူးပြောင်းမှုများပျက်ကွက်မှုမရှိစေရေး၊ ကျောင်းထွက်မှု မရှိစေရေး၊ ကျောင်းနေအရွယ်ကလေးတိုင်း ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး၊ အပ်နှံရန်ကျန်ရှိသူများရှိပါက အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။


Read More...
29-May-2024
ဧရာဝတိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်မြို့နယ်အားကစားခန်းမတွင်ပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေး ရေတော်မိုးတော်စိုက်ဧကအားလုံး ပိုက်ဆံလျှော်ထည့်သွင်း စိုက်ပျိုးရေး၊ ကြဲခင်းစနစ် လျော့နည်းပပျောက်စေရေးအတွက် မျိုးစေ့၊ Drum Seeders၊ သွင်းအားစုများ၊ ပိုက်ဆံလျှော် မျိုးစေ့များပေးအပ်ပွဲနှင့် တောင်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်အားကစားခန်းမတွင် ပြုလုပ်သည့် ၂၀၂၄ -၂၀၂၅ ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ရေတော်မိုးတော်စိုက်ဧကအားလုံး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးရေး၊ ကြဲခင်းစနစ်လျော့နည်း ပပျောက်စေရေးအတွက် မျိုးစေ့၊ Drum Seeders၊ သွင်းအားစုများ၊ ပိုက်ဆံလျှော်မျိုးစေ့များ ပေးအပ်ပွဲနှင့် တောင်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးအား စိုက်ပျိုးရေးစံပြတိုင်းဒေသကြီးဖြစ်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်မိုးစပါးစိုက်ရာသီတွင် ကြဲခင်းစနစ်များ လျော့နည်း ပပျောက်စေရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးရေး တိုင်းဒေသကြီးဖြစ်သောကြောင့် စိုက်ပျိုးသီးနှံစုံ ပန်းတိုင်အထွက်နှုန်းရောက်ရှိအောင် ကြိုးစား ဆောင်ရွက်လျက်ရှိပါကြောင်း၊ သီးနှံများစိုက်ပျိုးရာတွင် စိုက်ဧက၊ အထွက်နှုန်း၊ စာရင်းဇယား များ တိကျမှန်ကန်စေရေး အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သီးထပ်စွမ်းအား တိုးတက်ရေးအတွက် ရိုးပြတ်ကျန် ဧကများဖော်ထုတ်၍ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခုနှစ် မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော်စိုက်ဧက (၂၇)သိန်းအား သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)များ ထည့်သွင်းစိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ ကျုံပျော်ခရိုင်သည် စိုက်ပျိုးရေးဖြစ်ထွန်းသည့် ခရိုင်ဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင် ဖြစ်ထွန်းရေး၊ စိုက်ပျိုးသီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရေး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း” အမှာစကား ပြောကြားသည်။  ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်းမြို့နယ်များမှ တောင်သူများထံသို့ Drum Seeders များကိုလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပိုက်ဆံလျှော်မျိုးစေ့များကိုလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက သွင်းအားစုများကို လည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီး တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အခမ်းအနားသို့တက်ရောက်လာသည့် တောင်သူ များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပြီး ခင်းကျင်းပြသထားသည့် စိုက်ပျိုးရေးသွင်းအားစုများအား ကြည့်ရှုအားပေးခဲ့ပါသည်။


Read More...
28-May-2024
ဧရာဝတိုင်းဒေသကြီးဝန်ကြီးချုပ် လေးမျက်နှာမြို့နယ်၊ ယင်းဆယ်ကျေးရွာ၊ အသေးစား ဓာတ်အားပေးစနစ် ကျေးလက်မီးလင်းရေးဖွင့်ပွဲအခမ်းအနားအား တက်ရောက်ဖွင့်လှစ်၊ ရေကြည်မြို့၊ အခြေခံပညာအထက်တန်းကျောင်း ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ယင်းဆယ်ကျေးရွာတွင် အသေးစားဓာတ်အားပေးစနစ် ကျေးလက်မီးလင်းရေးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။ ဦးစွာ အသေးစားဓာတ်အားပေးစနစ် ကျေးလက်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူးက ဖွင့်ပွဲအမှတ်တရလက်ဆောက်ပစ္စည်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကမ္ဗည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး power house အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ အကအဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ အဆိုပါ ယင်းဆယ်ကျေးရွာ အသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းအား ဦးစီးဌာနမှထောက်ပံ့ငွေကျပ်(၁၆၆၈.၆၇၁၄)သန်း၊ ကုမ္ပဏီရင်းနှီးမြုပ်နှံငွေကျပ်(၆၁၇.၀၉၇၆) သန်း၊ ကျေးရွာထည့်ဝင်ငွေကျပ်(၄၉၅.၃၅)သန်း၊ စုစုပေါင်းစီမံကိန်းကုန်ကျငွေ(၂၇၈၁.၁၁၉)သန်း ဖြင့် ဆောင်ရွက်ခဲ့ပြီး (၂၂၄.၄ kWp)(၁၀၀ kW DG backup)ထုတ်လုပ်နိုင်ကာ အိမ်ခြေ (၂၀၇)အိမ်၊ အများပိုင်အဆောက်အဦ (၃)ခု၊ စက်မှုလုပ်ငန်း (၂၀)ခု၊ လမ်းမီးတိုင် (၁၅၄)တိုင်အား အကျိုးပြုပြီး   မဟာဓါတ်အားလိုင်းစနစ်တွင်အသုံးပြုသည့်အတိုင်း ၂၄ နာရီပတ်လုံးအသုံးပြုနိုင်ကြောင်းသိရှိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့၊ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ ကျောင်းလာရောက်အပ်နှံမှု အခြေအနေများအားမေးမြန်းခဲ့ပြီး ကျောင်းသားကျောင်းသူများ အတန်းစဉ်ကူးပြောင်းမှုများပျက်ကွက်မှုမရှိစေရေး၊ ကျောင်းထွက်မှုမရှိစေရေး၊ ကျောင်းနေအရွယ်ကလေးတိုင်း ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး ဆရာ၊ ဆရာမများ၊ မိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။


Read More...
28-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားအားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ၊ ဧရာရွှေဝါခန်းမတွင် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို  ယနေ့ညနေပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သူများတက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခုသင်တန်း ဖွင့်လှစ်ခြင်းဖြင့် ယခင်က မသိရှိခဲ့သော ဥပဒေဘာသာရပ်များကို လေ့လာသင်ယူရသည့်အတွက် ဥပဒေဘာသာရပ်များနှင့်စပ်လျဉ်း၍ အထိုက်အလျောက် သိရှိခဲ့ရပြီး ဖြစ်ကြောင်း၊ ယခုသင်တန်းတွင်ပို့ချခဲ့သည့် ဥပဒေဘာသာရပ်များအား မိမိတို့ တာဝန်ထမ်းဆောင်ရာ အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအား ပြန်လည်၍အသိပညာပေး မျှဝေပေးရန် ဖြစ်ပါကြောင်း၊ ယခုသင်တန်းတက်ရောက်ခဲ့သည့် ဆရာ/ဆရာမများအနေဖြင့် မိမိတို့အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများနှင့်ဆရာ/ဆရာမများအားဥပဒေ အသိပညာများကို လက်ဆင့်ကမ်းမျှဝေခြင်းဖြင့် ကျောင်းသား လူငယ်များ၏ လူမှုဘဝမြှင့်တင်မှုများတွင် အကျိုးရှိစွာဆောင်ရွက်နိုင်မည် ဖြစ်၍ ဥပဒေအသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း” အမှာစကားများပြောကြားပြီး အထူးဂုဏ်ပြုဆုနှင့် သင်တန်းဆင်းဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့သည်။ အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄) ကို (၁၈.၅.၂၀၂၄)ရက်နေ့မှ (၁၉.၅.၂၀၂၄) ရက်နေ့ထိ သင်တန်းချိန်(၈)ချိန်၊ (၂၅.၅.၂၀၂၄)ရက်နေ့မှ (၂၆.၅.၂၀၂၄) ရက်နေ့ထိ သင်တန်းချိန်(၈)ချိန် စုစုပေါင်းသင်တန်းချိန်(၁၆)ချိန်၊ သင်တန်းသား ဆရာ၊ ဆရာမ (၅၀) ဦးအား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ ရာဇသတ်ကြီး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ၊ အများနှင့်သက်ဆိုင်သောပစ္စည်းများ ကာကွယ်စောင့်ရှောက်ရေးဥပဒေ၊ နိုင်ငံဝန်ထမ်းဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ လောင်းကစားဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဥပဒေ၊ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ စီးပွားရေးစာချုပ် စာတမ်းအကြောင်း သိကောင်းစရာများနှင့်စပ်လျဉ်း၍ ဥပဒေအရာရှိ (၉)ဦးက သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။


Read More...
26-May-2024