သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုမိန့်၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအတည်ပြုမိန့်ရယူပြီးလုပ်ငန်းဆောင်ရွက်လျှက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုမိန့်၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အတည်ပြုမိန့်ရယူပြီး လုပ်ငန်းဆောင်ရွက်လျှက်ရှိသော ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားအား ဇူလိုင်လ ၂၉ ရက်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များ၊စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြသည်။ ထိုသို့ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်လျှက်ရှိသောကြောင့် ပြည်သူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာသည်ကိုတွေ့ရှိရပါကြောင်း၊တိုင်းဒေသကြီးအတွင်း၌ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများတွင် အထည်ချုပ်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ဆန်စပါးလုပ်ငန်းများ၊ ငါး၊ ပုဇွန်၊ ဂဏန်းမွေးမြူရေးလုပ်ငန်းများအပြင် အခြားလုပ်ငန်းများတွင်ရင်းနှီးမြှုပ်နှံလျက်ရှိပါကြောင်း ၊ မိမိတို့တိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး စိုက်ပျိုးမွေးမြူရေးအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအပြင် ခရီးသွားလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများလည်း ဖွံ့ဖြိုးလာရာ ဒေသခံပြည်သူများအတွက်  အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်လာပါကြောင်းနှင့် မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကို ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း”ပြောကြားသည်။ ဆက်လက်၍ Amava Apparel Ltd၊ Dong Long (Pathein)Garment Co.,Ltd၊ Chia Moon Sports (Myanmar)Co.,Ltd၊Hua Meng MyanmarCo.,Ltd၊Sea & LakeCo.,Ltd၊AAQSR Co.,Ltd၊Shwe Wah NadiCo.,Ltd၊Paddy StarCo.,Ltd၊International Green Land Co.,Ltd၊MEF International Co.,Ltdတို့မှ စီးပွားရေးလုပ်ငန်းရှင်များက အထည်ချုပ်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊တန်ဖိုးမြှင့်ဆန်ထုတ်လုပ်တင်ပို့ရောင်းချခြင်းလုပ်ငန်း၊ဂဏန်းပျော့ ထုတ်လုပ်တင်ပို့ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်မှုများကို  တိုင်းဒေသကြီးဝန်ကြီးချုပ်အားရှင်းလင်းတင်ပြခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များနှင့်စီးပွား​ရေးလုပ်ငန်းရှင်များကရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများထပ်မံတိုးချဲ့မည့်အစီအမံများ၊ မြေအသုံးချမှုခွင့်ပြုချက်ရရှိ​ရေး၊ လျှပ်စစ်မီးပိုမိုရရှိ​ရေး​ဆွေးနွေးချက်များအ​ပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဌာနဆိုင်ရာများနှင့်ညှိနှိုင်းပေါင်းစပ်​ပေးခဲ့ပြီးစိုက်ပျိုး​မွေးမြူ​ရေးအ​ခြေခံသည့်စက်ရုံအလုပ်ရုံများ ပိုမိုတိုးတက်ရင်းနှီးမြှုပ်နှံလာ​စေရန်အတွက်အလားအလာ​ကောင်းများကိုအကျယ်တ၀င့်​ဆွေး​နွေးခဲ့​ကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ညနေပိုင်းတွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားသောပုသိမ်မြို့ အမှတ်(၂) ရပ်ကွက်၊နိဂြောဓာလမ်း၊မောင်းထောင်ပရိယတ္တိစာသင်တိုက်ကြီး၏ တိုက်အုပ်စာချ ကထိကဆရာတော် လဇ္ဇီပေသလ၊သိက္ခကာမ၊ဝိနယဂရုက ဖြစ်တော်မူသော သက်တော် (၇၁) နှစ်၊ သိက္ခာတော်(၅၁)ဝါရ   တိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့အကျိုးတော်ဆောင်(ရွှေကျင်) ဘဒ္ဒန္တ မာနိတာလင်္ကာရ (သာသနဓဇဓမ္မာစရိယ၊မဟာဂန္ထဝါစကပဏ္ဍိတ၊အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ဒီဃဘာဏက)မဟာထေရ် ဆရာတော်ကြီး၏ရုပ်ကလာပ်တော်အား သွားရောက် ဖူးမြော်ကြည်ညိုပြီး မောင်းထောင်ကျောင်း ပရိယတ္တိစာသင်တိုက်ကြီး၏ ပဓာန နာယကဆရာတော် ဘဒ္ဒန္တပညာဓိက (မဟာဂန္ထဝါစကပဏ္ဍိတ၊အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ)ထံသို့ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကာ သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားတင်ပြခဲ့ပြီး အန္တိမအဂ္ဂိ ဈာပနသဘင်ဆင်ယင်ကျင်းပနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများမှာကြားခဲ့ပါသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်ပြည်သူ့ဆေးရုံ ကိုးထပ်တိုးချဲ့ဆောင် ဆောက်လုပ်နေမှုအခြေအနေများအား သွားရောက်စစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သတ်မှတ်အရည်အသွေး စံချိန် စံညွှန်းများပြည့်မီရေး၊ လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းစေရေးနှင့် သတ်မှတ်ကာလများအတွင်း အချိန်မီပြီးစီးစေရေးတို့အား အလေးထားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး ဆေးရုံအတွင်းပတ်လမ်းခင်းခြင်းလုပ်ငန်း​ဆောင်ရွက်​နေမှု၊ waste water Treatment ကန်ပြုလုပ်နေမှု၊ လူနာခန်းရှိToiletတွင်းလက်ကိုင်တန်းတပ်ဆင်ထားမှုနှင့် view pointတွင်compositeပြားများတပ်ဆင်ပြီးစီးမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။


Read More...
29-Jul-2022
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၊ တိုင်းရင်းသားပုံပြပုံပြင်စာအုပ်ပေးပွဲအခမ်းအနားကျင်းပ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၊တိုင်းရင်းသားပုံပြပုံပြင်စာအုပ်ပေးပွဲအခမ်းအနားကို ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁၅)ရပ်ကွက်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်းသူတိုင်းရင်းသားများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်မှ မိမိတို့တိုင်းဒေသကြီးသည် ရှေးယခင်ကပင်တိုင်းရင်းသားလူမျိုးစုံစွာ ချစ်ကြည်ရင်းနှီးစွာအတူတကွ နေထိုင်လာခဲ့ပါကြောင်း၊ တိုင်းရင်းသားတို့၏ စာပေ၊ ယဉ်ကျေးမှုနှင့်ဘာသာစကားတိို့ကို အားပေးမြှင့်တင်ခြင်းဖြင့် တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှု၊ ချစ်ကြည်လေးစားမှုတို့ကိုပိုမိုရရှိစေရန် ရည်ရွယ်၍ တိုင်းရင်းသားပုံပြပုံပြင်စာအုပ်များဖြန့်ဝေပေးခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉) ရပ်အနက် လူမှုရေးဦးတည်ချက်တွင် တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကိုလေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး ဦးတည်ချက်ဖြင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို အဓိကကဏ္ဍတစ်ရပ်အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ၂၀၁၇-၂၀၁၈၊  ပညာသင်နှစ်ကစ၍ စကောကရင်၊ ပိုးကရင်၊ အရှိုချင်းနှင့် ရခိုင် တိုင်းရင်းသားဘာသာစာပေသင် Teaching Assistant(TA)၊ Language Assistant(LA)ဆရာ၊ဆရာမများခန့်ထားပေးနိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှာရှိကြတဲ့ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများအနေဖြင့် မိမိတို့ရဲ့ တိုင်းရင်းသားလူမျိုးများရဲ့ စာပေယဉ်ကျေးမှု ဓလေ့ထုံးစံများ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင်ထိန်းသိမ်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းနှင့် တိုင်းရင်းသားအားလုံးတို့၏ စုစည်းချစ်ကြည်ညီညွတ်တဲ့စွမ်းပကားများနဲ့ မိမိတို့တိုင်းဒေသကြီးတစ်ခုလုံးအေးချမ်းသာယာပြီး ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့မှ  တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းကိုယ်စားလှယ်များသို့ တိုင်းရင်းသားပုံပြပုံပြင်စာအုပ်များအသီးသီးပေးအပ်ခဲ့ရာ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများကိုယ်စား ကိုယ်စားလှယ်တစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ခင်းကျင်းပြသထားသည့်တိုင်းရင်းသားပုံပြပုံပြင်စာအုပ်များ၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု သမိုင်းမှတ်တမ်းစာအုပ်များ၊ အသုံးအဆောင်ပစ္စည်းများနှင့် ဝတ်စားဆင်ယင်မှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးအနေဖြင့် တိုင်းရင်းသားပုံပြပုံပြင်စာအုပ်ပေးအပ်ခြင်းကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် (၁) ကြိမ်၊ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် (၁) ကြိမ်ဖြန့်ဝေပေးခဲ့ပြီး ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် စကောကရင်၊ ပိုးကရင်၊ အရှိုချင်း၊ ဗမာ၊ မွန်နှင့်ရခိုင် တိုင်းရင်းသားပုံပြပုံပြင်စာအုပ်ပေါင်း (၁၀၆၄၀၀) ကျော်ကိုပေးအပ်သွားမှာဖြစ်ကြောင်းသိရှိရပါသည်။


Read More...
27-Jul-2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ကနောင်မြို့ မဟာလောကမုနိန်မာရဇိန် ရှေးဟောင်းကြေးသွန်းရုပ်ပွားတော်မြတ်ကြီး ဖူးမြော်ကြည်ညိုပြီး မြန်အောင်ခရိုင်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊တိုင်း၊ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ကနောင်မြို့ မဟာလောကမုနိန်မာရဇိန် ရှေးဟောင်းကြေးသွန်းရုပ်ပွားတော်မြတ်ကြီးဖူးမြော်ကြည်ညိုပြီးဌာနဆိုင်ရာများနှင့်တွေ့ဆုံခဲ့ကြောင်းသိရသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဘုရားကြီးကျောင်းတိုက်အတွင်း ကိုးကွယ်တည်ထားတော်မူသော မဟာလောကမုနိန်မာရဇိန်ရှေးဟောင်းကြေးသွန်းရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ လေးထပ်ရုပ်စုံတံကဲကြီး၏ ရှေးဟောင်းလက်ရာများအားကြည့်ရှုပြီး ရှေးဟောင်းလက်ရာမပျက် ထိန်းသိမ်းရေး၊ လျှပ်စစ်မီးများစနစ်တကျသွယ်တန်းနိုင်ရေး၊ အဆောက်အဦးဝန်းကျင်သန့်ရှင်းရေးတို့အားမှာကြားပြီး နဝကမ္မအလှူတော်ငွေများပေးအပ်လှူဒါန်းခဲ့ပြီး ဘုရားကြီးကျောင်းတိုက် ဆရာတော်အားဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့ပြီး လှူဖွယ်ပစ္စည်းနှင့်ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက်မြန်အောင်မြို့နယ်ပညာရေးမှူးရုံး၌ ခရိုင်၊မြို့နယ်ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့ရာ ခရိုင်အုပ်ချုပ်ရေးမှူးက မြန်အောင်ခရိုင်ဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ခရိုင်အဆင့် ဌာနဆိုင်ရာများက ပညာရေးဆိုင်ရာအချက်အလက်များ၊ စိုက်ပျိုးရေးဆိုင်ရာအချက်အလက်များနှင့် လိုအပ်သည်များတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဖွံ့ဖြိုးရေးလုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရန်အတွက် ခရိုင်များတိုးချဲ့ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ကျောင်းသားကျောင်းသူများ ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး၊ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကျရှုံးကျောင်းသားကျောင်းသူများ စာမေးပွဲပြန်လည်ဖြေဆိုနိုင်စေရေး ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ မိုးနေကြာမျိုးစေ့ထုတ်စိုက်ပျိုးအောင်မြင်ရန်အတွက် ပေါင်းသင်ခြင်း၊ မြေသြဇာကျွေးခြင်း၊ ပိုးမွှားအန္တရာယ်ကာကွယ်ခြင်းလုပ်ငန်းများ ဂရုတစိုက်မှတ်တမ်းများထားရှိဆောင်ရွက်ရန်နှင့် ထိုမှတ်တမ်းများမှ အားနည်းချက် အားသာချက်များရယူကာ ဆောင်းနေကြာပိုမိုဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီများ ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ တိုင်း‌ဒေသကြီး ဝန်ကြီးချုပ်သည် အင်္ဂပူမြို့နယ်၊  ဘုရားငုတ္တိကျေးရွာအုပ်စု၊ ကျီးပင်အင်းကျေးရွာ တောင်သူဦးအေးဝင်း၏ ယာမြေ (၁)ဧကရှိ နေကြာစိုက်ခင်းအားကြည့်ရှု အားပေးပြီး နေကြာအထွက်တိုးရေး၊ပေါင်းမြက်များရှင်းလင်းရေးနှင့်ပိုမွှားများကျရောက်မှုမရှိစေရေး တို့အားမှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်ရှိ ကံကလေး(ပုသိမ်-မုံရွာ)လမ်း မိုင် ၁၉/၅၂၊ ဟင်္သာတ-နိဗ္ဗာန် သောင်ကြီး ကျုံပျော် ရေကြည် လမ်းမိုင် ၁၄/၀ ဆုံသည့်နေရာ Junction အား လမ်းချဲ့ခြင်းနှင့် မူလ လမ်းအား ထပ်ပိုးလွှာတင်၍ ကတ္တရာရေပိတ်လွှာလောင်းခြင်းလုပ်ငန်း ယာယီရှင်းလင်းဆောင်သို့ရောက်ရှိခဲ့ရာ တိုင်းဒေသကြီးလမ်းဦးစီးဌာနမှူးမှ လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်များ၊ လမ်းဒီဇိုင်းရေးဆွဲထားရှိမှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လုပ်ငန်းများဆောင်ရွက်နေစဉ်ကာလအတွင်း ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ လမ်းပုခုံးများစနစ်တကျရှိစေရေး၊ အရည်အသွေးပြည့်မီစေရေးအလေးထား ဆောင်ရွက်ရန်မှာကြားခဲ့ပြီး လမ်းပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်မှုများကိုကြည့်ရှုစစ်ဆေးခဲ့ပါသည်။


Read More...
25-Jul-2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် မြန်အောင်ခရိုင်အတွင်းဒေသဖွံ့ရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက မိုးရာသီ နေကြာမျိုးစေ့ ဧက(၃၀၀၀)စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်တို့မှတောင်သူများ၏ ဆင်းရွှေကြာ(၂)နေကြာ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နေမှုများကို ကြည့်ရှုအားပေးပါသည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အင်္ဂပူမြို့နယ်၊ပိန္နဲကုန်းကျေးရွာအုပ်စု၊ ကဒတ်ကုန်းကျေးရွာရှိ နေကြာစိုက် တောင်သူ ၄ ဦး၏ ဧက ၈၀ ( ဆင်းရွှေကြာ-၂) မိုးနေကြာ မျိုးစေ့ထုတ်စိုက်ခင်း ဖြစ်ထွန်းအောင်မြင်နေမှုများကိုကြည့်ရှုအားပေးပါသည်။ ထို့နောက် ကြံခင်းမြို့နယ်၊ သောကြာဒူးကျေးရွာ တောင်သူဦးကြည်ညွန့်၊ ဦးတင်ဝင်း၏ ယာမြေဧက ၁၀ ဧက၌ (ဆင်းရွှေကြာ-၂)မိုးနေကြာ မျိုးစေ့ထုတ်စိုက်ခင်းဖြစ်ထွန်းအောင်မြင်နေမှုများကို ကြည့်ရှုအားပေးပါသည်။ အလားတူ မြန်အောင်မြို့နယ်၊ မြို့မတဲကြီးကုန်းအုပ်စု၊ အလယ်ကုန်းကျေးရွာရှိတောင်သူ ကျော်ထွန်းအောင်၏ ယာမြေ ၅ ဧကနှင့် ကန်ဇွန်းကုန်ကျေးရွာ၊ ဦးစိန်ကြည်ပါ(၂)ဦးတို့၏ ယာမြေ(၅) ဧက မိုးနေကြာ မျိုးစေ့ထုတ် စိုက်ခင်းအား ကြည့်ရှုအားပေးခဲ့ပါသည်။ အဆိုပါ မိုးနေကြာမျိုးစေ့ထုတ်စိုက်ခင်းများကြည့်ရှုအားပေးခဲ့ရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မိုးနေကြာဖြစ်ထွန်းအောင်မြင်စေရေး ပေါင်းမြတ်ရှင်းလင်းခြင်းလုပ်ငန်းများ၊ မြေသြဇာကျွေးခြင်းလုပ်ငန်းများစနစ်တကျဆောင်ရွက်ရန်၊ နေကြာပန်းပွင့်ချိန်ဝတ်မှုန်ကူးချိန်ဖြစ်၍ ပိုမိုအလေးထားဆောင်ရွက်ရန် စိုက်ခင်းများကို ကောင်း၊သင့်၊ ညံ့ခွဲခြား၍ မှတ်တမ်းရေးသွင်းပြီး အထွက်နှုန်းပြည့်မီစေရေးပြုစုထိန်းသိမ်းဆောင်ရွက်ကြရန်မှာကြားခဲ့ကာနေကြာစိုက်တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံမေးမြန်းဆွေးနွေးပြီးသက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။ အဆိုပါ မိုးနေကြာမျိုးစေ့ထုတ်ဧက ၃၀၀၀မှ ထွက်ရှိသည့် နေကြာမျိုးစေ့များဖြင့် ဆောင်းနေကြာ ဧက ၂၂၀၀၀၀ကျော်စိုက်ပျိုးသွားမှာဖြစ်ကြောင်းသိရှိရသည်။


Read More...
25-Jul-2022
၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအောင်ချက်အကောင်းဆုံးဒုတိယ၊ အောင်ချက်အကောင်းဆုံးခရိုင်၊ မြို့နယ်ကျောင်းများနှင့်ထူးချွန်စွာအောင်မြင်ခဲ့ကြသောကျောင်းသား၊ကျောင်းသူများအားဂုဏ်ပြုဆုချီးမြှင့်
၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် တစ်နိုင်ငံလုံးအောင် ချက်အကောင်းဆုံးဒုတိယ၊ အောင်ချက်အကောင်းဆုံးခရိုင်၊ မြို့နယ်ကျောင်းများနှင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသောကျောင်းသား၊ကျောင်းသူများအားဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားအား ယနေ့နေ့လည်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်‌မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ ဆရာ၊ဆရာမများနှင့် ထူးချွန်ဆုရ ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ အခမ်းအနားအား အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက“ မြန်မာ့ကျောင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ၂၀၂၂ခုနှစ် တက္ကသိုလ်စာမေးပွဲတွင် ထူးချွန်သူများအား ဂုဏ်ပြုသော အခမ်းအနားဖြစ်သောကြောင့် ဂုဏ်ပြုထိုက်သူများဂုဏ်ပြုခြင်းဖြစ်ပါကြောင်း၊ ယနေ့လူငယ် နောင်ဝယ်လူကြီးဟုသည့် စကားအတိုင်း နိုင်ငံ့တာဝန်အား ပုခုံးပြောင်းထမ်းဆောင်မည့် ကျောင်းသားလူငယ်များသည် ငယ်စဉ်ကာလကပင်ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး ပညာပြည့်ဝ နှလုံးလှသူများဖြစ်ကြရမှာဖြစ်ပါကြောင်း၊ တက္ကသိုလ်စာမေးပွဲတွင် အောင်ချက်မြင့်မားတိုးတက်လာစေရန် တိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ်၊ ပညာရေးမှူးများနှင့် အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးကြသော ကျောင်းအုပ်ကြီးများအပါအဝင် ဆရာ၊ဆရာမများ၏ သင်ကြားမှုအောက်တွင် ကျောင်းသား၊ကျောင်းသူများ၏ ကြိုးစားသင်ယူမှုများ၏ ရလာဒ်ပင်ဖြစ်ပါကြောင်း၊ပညာရေးသည် လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်မှု၏ အခြေခံအုတ်မြစ်ဖြစ်သလို အကောင်းဆုံးသောရင်နှီးမြုပ်နှံလည်းဖြစ်ပါကြောင်း၊ နိုင်ငံတော်မှ အခြေခံပညာမူလတန်း၊အလယ်တန်းနှင့် အထက်တန်းအထိ အခမဲ့ပညာရေးစနစ်ဖော်ဆောင်ပေးနေသည့်အပြင် စနစ်သစ်ပညာရေးကို KG +12အထိ ဖော်ဆောင်လျက်ရှိပါကြောင်း၊ ကျောင်းအဆင့်တိုးမြှင့်ခြင်း၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့်သင်ကြားရေးအထောက်အကူပြုပစ္စည်းများ ပြည့်စုံစေရန်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆရာ၊ဆရာများ၏စွမ်းရည်မြင့်မားလာမှသာ ကျောင်းသား၊ကျောင်းသူများ၏အရည်အသွေးတိုးတက်မြင့်မားလာမှာဖြစ်၍ ခေတ်စနစ်နှင့်အညီပြုပြင်ပြောင်းလဲနေသောပညာရေးစနစ်ကို မျက်ခြည်ပြတ်မခံဘဲ အစဉ်လေ့လာသင်ယူပြီး အမြဲကြိုးစားနေရမည့်ထာဝရ ကျောင်းသားကြီးများဖြစ်ပါကြောင်း၊ဆရာ၊ဆရာမများအနေဖြင့်စာပေ သင်ကြားပေးရုံသာမကလူကိုလည်းပြင်ပေးရမည်ဖြစ်ရာ ကျောင်းသား၊ကျောင်းသူများအား စာရိတ္တကောင်းမွန်ရေး၊ စည်းကမ်းလိုက်နာစေရေး၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်စေရေး၊ နိုင်ငံချစ်စိတ်၊ တိုင်းပြည်နှင့်လူမျိုးချစ်စိတ်များ တိုးပွားလာစေရေး၊ လေ့ကျင့်ပြုစုပျိုးထောင်ပေးရန်ဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ် ကျောင်းသား၊‌ကျောင်းသူများ ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး၊အတန်းစဉ်ကူးပြောင်းရေးတို့ကိုလည်း ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုပါကြောင်းပြောကြားသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားအား ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် (၅၂.၁၆)ရာခိုင်နှုန်းဖြင့် အောင်ချက်အကောင်းဆုံး ဒုတိယဆုအား တိုင်းဒေသကြီးပညာရေးမှူးအား ချီးမြှင့်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က၂၀၂၂ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံးဆုရ (ပထမ၊ ဒုတိယ၊တတိယ)ဆုရရှိသည့် ခရိုင်၊မြို့နယ် နှင့်ကျောင်းများ၊ နိုင်ငံအဆင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများအားလည်းကောင်း၊တိုင်းဒေသကြီးအဆင့် ထူးချွန်စွာအောင်မြင်ခဲ့သူများအား အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကလည်းကောင်း၊ တက္ကသိုလ်ဝင် စာမေးပွဲတွင်  (၆)ဘာသာ ဂုဏ်ထူးရရှိသူများအား  တိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ (၅)ဘာသာဂုဏ်ထူးရရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊တိုင်းဒေသကြီးတရားသူကြီးချုပ်၊ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်နှင့် တိုင်းဒေသကြီးပညာရေးမှူးကလည်းကောင်း၊(၄)ဘာသာဂုဏ်ထူးရရှိသူများအား   တိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီး၏ဇနီး၊ သယံဇာတရေးရာဝန်ကြီး၏ဇနီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ဇနီး၊ အစိုးရအဖွဲ့အတွင်းရေးမှူး၏ဇနီးတို့က  အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။  ယင်းနောက် ထူးချွန်စွာအောင်မြင်ခဲ့ကြသောကျောင်းသား၊ ကျောင်းသူများကိုယ်စား သိပ္ပံဘာသာတွဲတွင် တစ်နိုင်ငံလုံးအဆင့်(၆)၊ တိုင်းဒေသကြီးအတွင်း အဆင့်(၁)၊ (၆)ဘာသာဂုဏ်ထူးရှင် မောင်ကောင်းစည်သူဟိန်း အခြေခံပညာအထက်တန်းကျောင်း (ငါးသိုင်းချောင်း) ရေကြည်မြို့နယ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက “ဇာတိမာန်”သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင်(၅၂.၁၆)ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးအောင် ချက်အကောင်းဆုံးဒုတိယ၊ တစ်နိုင်ငံလုံး သိပ္ပံဘာသာတွဲ၌ (ဆဌမ)တစ်ဦး၊ ဝိဇ္ဇာဘာဘာသာတွဲ၌ (ဒုတိယ)နှစ်ဦး၊ (တတိယ)တစ်ဦး၊ (စတုတ္ထ)နှစ်ဦး၊(ပဉ္စမ)တစ်ဦးနှင့် (ဆဌမ)တစ်ဦး စုစုပေါင်း၈ဦး ထွက်ပေါ်ခဲ့ကာ တိုင်းဒေသကြီးအတွင်းစုစုပါင်း ဂုဏ်ထူးရရှိသူ ၁၁၂၆၀ ဦး ပေါ်ထွက်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ  (၆)ဘာသာဂုဏ်ထူး (၃၁)ဦး၊ (၅)ဘာသာဂုဏ်ထူး (၇၇)ဦး၊ (၄)ဘာသာဂုဏ်ထူး(၄၀၉)ဦးတို့အား ဂုဏ်ပြုဆုများနှင့် ချီးမြှင့် ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။


Read More...
24-Jul-2022