ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ၆ ခရိုင် အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ တိုင်းဒေသကြီးအတွင်းရှိ ၆ ခရိုင်မှအသက် ၁၉ ‌နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မေလ ၂၅ ရက်နေ့ ညနေပိုင်းတွင် ကိုးသိန်းအားကစားကွင်း၌ ပြုလုပ်ရာ  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယနေ့ကျင်းပ ပြုလုပ်သော ဘောလုံးပြိုင်ပွဲမှ တိုင်းဒေသကြီးကိုယ်စားပြု  ထူးချွန်ထက်မြက်သော ဘောလုံးသမားများ ပေါ်ထွက်လာစေရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများကလည်း အားကစားသမားကောင်းပီသစွာ ယှဉ်ပြိုင်ကစားကြရန် တိုက်တွန်းလိုကြောင်း၊ ယခုပြိုင်ပွဲမှတဆင့် မိမိတို့၏ခရိုင်၊ မိမိတို့၏ တိုင်းဒေသကြီး၏ ဂုဏ်ကို ဆောင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန်” တိုက်တွန်းမှာကြား၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား  ၆ ခရိုင် အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်၍ ၆ ခရိုင်မှပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်း၊ အားကစားသစ္စာအဓိဌာန် ၄ချက်အား ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှပြန်လည်ထွက်ခွာခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့မှ ပြိုင်ပွဲပထမပွဲစဉ်ယှဉ်ပြိုင်ကစားကြသည့် ပုသိမ်ခရိုင်အသင်းနှင့် ဟင်္သာတခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား  ၆ ခရိုင် အသက် ၁၉ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ၂၅.၅ ၂၀၂၂ရက်နေ့မှ ၄.၆.၂၀၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းသိရှိရပါသည်။

25-May-2022