ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၄၃/၂၀၂၁) ကျင်းပခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌  ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ၊ (၁) ရက်နေ့၊ မွန်းလွဲ (၁)နာရီခွဲအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၄၃/၂၀၂၁) အား  ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာ စကားပြောကြားခဲ့ပါတယ်။ ပြီးနောက် တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်က ယခင်နေ့အစည်းအဝေးမှတ်တမ်းအပေါ် လုပ်ဆောင်ထားရှိမှုနှင့် ကော်မတီ၏ လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့ပါတယ်။

ဆက်လက်ပြီး တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်မင်းထွန်းက (၂)ပတ်အတွင်း မြို့နယ်အလိုက်ကိုဗစ်၁၉ရောဂါစစ်ဆေးခြင်းနှင့် ပိုးတွေ့ရှိမှုအခြေအနေများ၊ တတိယလှိုင်းကာလအတွင်း ပိုးတွေ့လူနာအရေအတွက်အား ရက်သတ္တပတ်အလိုက်နှိုင်းယှဉ်တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကော်မတီဝင်များမှ အထွေထွေ ဆွေးနွေးတင်ပြခဲ့ကြရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။

01-Sep-2021