ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ ဝါးခယ်မ-အိမ်မဲ မြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခြင်း

၂၀၂၁ ခုနှစ်၊ သြဂုတ်လ(၂၇)ရက်၊ (၁၂၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်းနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ လမ်းအမှတ်(၁၀)၊ ဘိုကလေး-မော်လမြိုင်ကျွန်း-ကျုံမငေးလမ်း မိုင်(၀/၀-၂၇/၄)သို့ရောက်ရှိ၍ တိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူးဦးရန်နိုင်ဇော်မှ လမ်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုမှာကြားခဲ့ပါသည်။ ဆက်လက်၍  ဝါးခယ်မမြို့ “ရွှေခယ်” ဇီဝိတ အောက်စီဂျင်စက်ရုံ တည်ဆောက်ပြီးစီးမှု၊ အောက်စီဂျင်စက် တပ်ဆင်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီးနောက် ဝါးခယ်မမြို့နယ် ပြည်သူ့ ဆေးရုံတွင် ဆေးရုံသုံးပစ္စည်းများ၊ ဆေးဝါးများနှင့် ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေ ကျပ်(၅)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ရာ ဆေးရုံအုပ် ဒေါက်တာဝင်းထက်မှ လက်ခံခဲ့ပြီးနောက် ဝန်ကြီးချုပ်မှ ပိုးတွေ့လူနာများအား လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများကို ကြိုးစား ဆောင်ရွက်ပေးရေး မှာကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝါးခယ်မမြို့နယ်၊ သဲကုန်း/ကြာဖြူကျေးရွာ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာသို့ရောက်ရှိ၍ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်မှ ၂၀၂၁ခုနှစ်၊ မိုးစပါးရာသီ စီးပွားဖြစ်မျိုးသန့်စိုက်ခင်း စုပေါင်းမြေသြဇာကြဲပက်နေမှု၊ ပိုးမွှားရောဂါကာကွယ်ထိန်းချုပ်မှုနည်းစနစ်များ၊ မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးမှု၊ မျိုးကောင်းမျိုးသန့် ပြောင်းလဲစိုက်ပျိုးရေးအတွက် တောင်သူ(၁၇)ဦးဖြင့် (၉၅)ဧက စိုက်ပျိုးထားရှိမှု၊  မျိုးသန့်ထုတ် (၉၅)ဧကတွင် ကောက်စိုက်စက်ဖြင့် ပေါ်ဆန်းရင်(၅၀)ဧက၊ ဘောင်ပျိုးစနစ်ဖြင့် ဆင်းသုခ(၃၁)ဧက၊ SRI ဆင်းသုခ (၁၄)ဧက စိုက်ပျိုးထားရှိမှုအခြေအနေများနှင့် စနစ်တကျစိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးခြင်းသည် တောင်သူများအတွက် ကုန်ကျစရိတ် သက်သာခြင်း၊ အထွက်နှုန်းကောင်းမွန် ခြင်းနှင့် တောင်သူများ အကျိုးအမြတ်ရရှိစေသည့် နည်းစနစ်များအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်  အသိပညာပေးလုပ်ငန်းများအား တောင်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး စံပြစိုက်ကွင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၁၄၁၀)နာရီအချိန်တွင် အိမ်မဲမြို့သို့ ရောက်ရှိ၍ အိမ်မဲမြို့နယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ လူနာများအတွက် ကျွေးမွေးစရိတ်(၃၀)သိန်း၊ ဆေးရုံသုံးပစ္စည်းများ၊ ဆေးဝါးများနှင့် ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်(၅)သိန်း တို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ ဆေးရုံအုပ် ဒေါက်တာမျိုးကျော်အောင်မှ လက်ခံခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ကိုဗစ်-၁၉ ရောဂါစစ်ဆေးမှုများ ပိုမိုစစ်ဆေးဆောင်ရွက်နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်နိုင်ရေးနှင့် ကိုဗစ်အတည်ပြုလူနာများ ဆေးရုံ၊ ကုသရေးစင်တာများသို့ အချိန်မီ ရောက်ရှိနိုင်ရေး ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ပါသည်။ ထို့နောက် အိမ်မဲမြို့၊ မြို့မ လူငယ်အားကစားလေ့ကျင့်ရေးကွင်းတွင် အောက်စီဂျင်စက် တပ်ဆင် ဆောင်ရွက်မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။

27-Aug-2021