ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် ကျင်းပသော လူတိုင်းလက်လှမ်းမီနိုင်သည့် ကျန်းမာရေး လွှမ်းခြုံမှုစနစ် အသိပေးဆွေးနွေးပွဲ အခမ်းအနားတက်ရောက်

 

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ တိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်သော လူတိုင်းလက်လှမ်းမီနိုင်သည့် ကျန်းမာရေးလွှမ်းခြုံမှုစနစ် အသိပေးဆွေးနွေးပွဲ ​Advocacy on Universal Coverage(UHC) အခမ်းအနားသို့တက်ရောက်ပါသည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် အခမ်းအနားအား ကြိုဆိုပါ ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံလူဦးရေ၏(၇၀)ရာခိုင်နှုန်းသည် ကျေးလက်နေတောင်သူလယ်သမားအများစုဖြစ်ကြပါကြောင်း၊ ကျေးလက်နေပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုများကို ပိုမိုလွှမ်းခြုံဆောင်ရွက်ပေးနိုင်ပါက ဆန်စပါးနှင့် ကုန်စည်ထုတ်လုပ်မှုများ ပိုမိုတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့်လည်း ကျေးလက်ဒေသများသို့ အောက်ခြေထိလွှမ်းခြုံ၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိရာ လိုအပ်သော ဆေးဝါးနှင့် ဆေးပစ္စည်းများဖြည့်ဆည်းခြင်း၊ တစ်နှစ်ထက်တစ်နှစ် ဝန်ထမ်းများပိုမိုခန့်ထားခြင်းများ ဆောင်ရွက်နေပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့် လူဦးရေ (၆)သန်းကျော်နေထိုင်လျက်ရှိရာ အများစုသည် ကျေးလက်တွင် နေထိုင်ကြကြောင်း၊ ယင်းလူဦးရေအနက် ကိုယ်ဝန်ဆောင်နိုင်သော အသက်အရွယ်ရှိအမျိုးသမီးဦးရေ(၁၇)သိန်းခန့်နှင့် အသက်(၅)နှစ်အောက် ကလေးသူငယ်ဦးရေမှာ (၅)သိန်းကျော်ရှိပါကြောင်း၊ ကျေးလက်နေပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်းမြင့်မာလာစေရေး၊ ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုလျော့ကျရေး၊ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ မကူးစက်နိုင်သည့်ရောဂါများမှ ကာကွယ်ရေး၊ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေနိုင်ရေးတို့ကို

အလေးထားဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကောင်းမွန်သည် ထက် ကောင်းမွန်စေရန်အတွက် မရှိမဖြစ်လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး စီမံချက်ကို ကမ္ဘာ့ဘဏ်ချေးငွေအကူအညီဖြင့် ပိုမိုအားဖြည့်ဆောင်ရွက်နေပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် လူတိုင်းကျန်းမာပြီး သက်တမ်းစေ့နေနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသာမက နှီးနွယ် ဝန်ကြီးဌာနများ၊ လူမှုရေးအဖွဲ့အစည်းများအားလုံးပူးပေါင်း၍ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

07-Feb-2017