ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်နှင့် ဟင်္သာတခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ကြို တင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ တမြာလျှပ်စစ်မြစ်ရေတင်စီမံကိန်း တည်ဆောက်နေမှုအခြေအနေနှင့် ပိုက်ဆံလျှော်သစ်စိမ်းမြေသြဇာ စံပြစိုက်ကွင်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင် သွားရောက်ကြည့်ရှု့စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း Coronavirus Disease (COVID-19) ရောဂါရောက်ရှိပြန့်ပွှားခြင်းမရှိစေရေးအတွက် ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ်များအား အလေးထားဆောင်ရွက်လျက်ရှိသကဲ့သို့ မကြာမီကာလအတွင်းကျရောက်တော့မည့် မိုးရာသီကာလ၌ တိုင်းဒေသကြီး အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုအား ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရေကာတာများတည်ဆောက်ခြင်းနှင့် ပြန်လည်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများအား အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကာ ၂၀၂၀ပြည့်နှစ်၊ မေလ(၂၆)ရက်နေ့၊ ၁၄၀၀ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေး မြူရေး၊သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်
ရာတာဝန်ရှိသူများနှင့်အတူ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်သို့ သွားရောက်ခဲ့ပြီး ဓနုဖြူ-မရမ်းချောင်းဖြတ်တာ (တာမိုင်၆၁-၆၂)တည်ဆောက်ပြီးစီးမှုအခြေအနေအား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မိုးရာသီမတိုင်မီအမြန်ဆုံးလုပ်ငန်းပြီးပြတ်အောင် ဆောင်ရွက်ရေးနှင့် အရည်အသွေးစံချိန် စံညွှန်းမီလုပ်ငန်းဖြစ်စေရေးအလေးထားဆောင်ရွက်သွားရန်လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် ဓနုဖြူမြို့နယ်၊ တမြာကျေးရွာရှိ တမြာလျှပ်စစ်မြစ်ရေတင်စီမံကိန်းတည်ဆောက်နေသည့်နေရာသို့ သွားရောက်ကြည့်ရှု့ စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်၍ တောင်သူများဝင်ငွေတိုးပွှားကာ လူမှု၊ စီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရေးအလေးထားဆောင်ရွက်သွားရန်နှင့် ခေတ္တအကောင်အထည်ဖော်ဆောင်ရွက်ပြီးအမည်သာကျန်သည့် မြစ်ရေတင်စီမံကိန်းမျိုးမဖြစ်စေရေးနှင့် ရေရှည်အသက်ဝင်၍ တောင်သူများအတွက် အမှန်တကယ်အကျိုးရှိပြီး ထိရောက်သောစီမံကိန်းတစ်ရပ်ဖြစ်စေရေး အလေးထားဆောင်ရွက်သွားရန်လမ်းညွှန်မှာကြားခဲ့ပါသည်။
(တမြာလျှပ်စစ်မြစ်ရေတင် စီမံကိန်း အား ခွင့်ပြုရန်ပုံငွေ(၂၃၂.၂၀၇)သန်းဖြင့် (၁.၁.၂၀၂၀)ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မြစ်မှ ၃၀လက်မ(အချင်း)သံပိုက်ဖြင့် ပေ(၁၂၀၀)အကွာ ရေငြိမ်ကန်သို့ လျှပ်စစ် မော်တာနှင့်ပန့်များအသုံးပြု၍ တွန်းတင်ပေးပြီး ဌာနအုတ်မြောင်းများမှတစ်ဆင့် ရိုးချောင်း များအတွင်းသို့ ရေပေးသွင်း၍ လယ်မြေဧက(၁၀၀၀)အား စိုက်ပျိုးရေများပေးဝေနိုင်မည် ဖြစ်ကာ ယနေ့အချိန်ထိ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုမှာ(၉၀%) ဖြစ်ပြီး လျှပ်စစ်လုပ်ငန်း ကြိုးဆွဲခြင်း(၁)မိုင်ခန့်သာကျန်ရှိကာ ၂၀၂၀−၂၀၂၁ဘဏ္ဍာရေးနှစ်တွင် အုတ်စီရေမြောင်း (၃၃၀၀)ပေဆောင်ရွက်ပြီးပါက နွေသီးနှံရေပေးဝေခြင်းလုပ်ငန်းများအား စတင်အကောင် အထည်ဖော်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်းသိရပါသည်။)

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် ဟင်္သာတခရိုင်၊ ဇလွန်မြို့သို့ သွားရောက်ခဲ့ပြီး ဇလွန်မြို့နယ်၊ ဖက်သောင်ကျေးရွာအုပ်စုတွင် တောင်သူဦးတင့်နိုင်ထွန်းပါ (၉)ဦးလယ်မြေများတွင် စိုက်ပျိုးထားရှိသော ပိုက်ဆံလျှော်သစ်စိမ်းမြေသြဇာထည့်သွင်းခြင်း စံပြကွက်(၃၅)ဧကနှင့် မေရီလန်းကျေးရွာအုပ်စုတွင် တောင်သူဦးဝင်းမြင့်ပါ(၁၅)ဦးတို့၏ ပိုက်ဆံလျှော်သစ်စိမ်းမြေသြဇာထည့်သွင်းခြင်း စံပြကွက်(၃၀)ဧက စိုက်ကွင်းများအား သွားရောက်ကြည့်ရှု့အားပေးခဲ့ပြီး တောင်သူများအား သဘာဝမြေသြဇာ (ပိုက်ဆံလျှော်)ထည့်သွင်းခြင်းမရှိပဲ စပါးအထွက်နှုန်းနှင့် သဘာဝမြေသြဇာ(ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးသည့်အခါတွင် စပါးအထွက်နှုန်းကွာခြားချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးသည့် တောင်သူများအနေဖြင့်လည်း သဘာဝသစ်စိမ်းမြေသြဇာထည့်သွင်းခြင်း အတွက်ရရှိသည့်အကျိုးကျေးဇူးများအား အနီးဝန်းကျင်ရှိတောင်သူများကိုလည်း အသိပညာဖြန့်ဝေပေးသွားရန်နှင့် တာဝန်ရှိသူများအနေဖြင့်လည်း တောင်သူများစိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်များ ကျယ့်ကျယ့်ပြန့်ပြန့် သိရှိစေရေးအလေးထားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် ဟင်္သာတမြို့သို့ ဆက်လက်ထွက်ခွာခဲ့ပြီး ဟင်္သာတမြို့နယ်အတွင်း ဧရာဝတီမြစ်ကြောင်းပြောင်းလဲမှုကြောင့် ကမ်းပြို/ ကမ်းစားခဲ့သည့် မြစ်ကမ်းထိန်းတာများနှင့် ပန်းတာများအား သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်/ ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများဖြစ်သော ဟင်္သာတ-ကမ်းနားတာ ၅/၂ နှင့် အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာအနီးရှိ ဧရာဝတီ-ဟင်္သာတ တာ ၄/၆တွင်ဆောင်ရွက်နေသောဖြတ်တာတည်ဆောက်ခြင်း လုပ်ငန်းများအား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအနေဖြင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ရန်လိုအပ်သော လုပ်ငန်းစဉ်များအား အချိန်နှင့်တပြေးညီ တင်ပြသွားရန်နှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များအား အလေးထားကာကွယ် စောင့်ရှောက်နိုင်ရေး ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါ​သည်။

Photo by : Wai Zin

30-Nov--0001