ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ Quarantine Center များတွင် တာဝန်ထမ်းဆောင်နေသော စေတနာ့ဝန်ထမ်းများအတွက် ဆင့်ပွားသင်တန်းဖွင့်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ Quarantine Center များတွင် တာဝန်ထမ်းဆောင်နေသော စေတနာ့ဝန်ထမ်းများအတွက် ဆင့်ပွားသင်တန်းဖွင့်ပွဲကို ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ မေလ (၂၀)ရက်နေ့၊ နံနက် (၀၉၃၀)နာရီအချိန်တွင် ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် (COVID – 19)ရောဂါသည် မြန်မာနိုင်ငံတစ်ခုတည်းသာမဟုတ်ဘဲ တစ်ကမ္ဘာလုံး ဖြစ်ပွားရင်ဆိုင်နေရကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် နာဂစ်ကဲ့သို့ သဘာဝဘေးဒဏ်ခံခဲ့ရသည့် အတွေ့အကြုံများရှိသော တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ စေတနာ့ဝန်ထမ်းများအနေနှင့် စေတနာနှင့်ပညာကို ဟန်ချက်ညီညီဖြင့် ပူးပေါင်းဆောင်ရွက်မှ အောင်မြင်မည်ဖြစ်ကြောင်း၊ ယခုလုပ်ငန်းဆောင်ရွက်ရာမှာ မိမိကိုယ်ကို မကူးစက်အောင်ကာကွယ်ရင်း ပြည်သူများလည်း မကူးစက်အောင် စိတ်အားထက်သန်စွာ ကူညီသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဖြစ်လေ့ဖြစ်ထမရှိသည့် လုပ်ငန်းကို လုပ်ဆောင်ရသည့်အတွက် အချင်းချင်းစည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ သင်တန်းတွင် မိမိကိုယ်တိုင်လည်း သေချာလေ့လာသင်ယူမှတ်သားကြပါ၊ နီးစပ်ရာ ပြည်သူများကိုလည်း လက်ဆင့်ကမ်းအသိပညာ ဆက်လက်ဖြန့်ဝေပေးကြပါရန် အမှာစကား ပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်အတူ တိုင်းဒေသကြီး Coronavirus Desease 2019 (COVID – 19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကြီးကြပ်ရေး ဦးစီးကော်မတီဝင်များ၊ စေတနာ့ဝန်ထမ်းသင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။

ယခုသင်တန်းကို (၂၀.၅.၂၀၂၀)ရက်နေ့မှ (၂၄.၅.၂၀၂၀)ရက်နေ့အထိ သင်တန်းကာလ (၅)ရက် သင်ကြားပေးမည်ဖြစ်ပါသည်။ တစ်ကြိမ်လျှင် သင်တန်းသား/သင်တန်းသူ (၃၀)ဦးစီဖြင့် (၈)ကြိမ်ခွဲ၍ သင်ကြားပေးမည်ဖြစ်ပြီး အဆိုပါ သင်တန်းကို ပုသိမ်၊ ဖျာပုံ၊ ဝါးခယ်မ၊ လပွတ္တာ၊ ဟင်္သာတမြို့နယ်များတွင် တစ်ပြိုင်နက်တည်းကျင်းပလျက်ရှိပြီး ကျန်မြို့နယ်များတွင်လည်း ဆက်လက်ကျင်းပမည်ဖြစ်ပါသည်။

Photo By : Wai Zin

30-Nov--0001