ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ပုသိမ်မြို့၊ ရွှေမုဌော မဟာစေတီတော်မြတ်ကြီး၏ ဦးမောင်ကြီး အာရုံခံတန်ဆောင်း၌ ကျင်းပပြုလုပ်သည့် (၆၄)ကြိမ်မြောက် မြို့လုံးကျွတ်ဝါဆိုသင်္ကန်း ကပ်လှူခြင်း ရေစက်ချပွဲ အခမ်းအနားနှင့် ပုသိမ်မြို့၊ အမှတ် (၁)ရပ်ကွက်၊ ရွှေတောင်တန်းအိမ်ရာဝင်းအတွင်း၌ ကျင်းပသည့် MCC Polyteehnic College ဖွင့်ပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မန်းဂျော်နီသည် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်နေ့၊ နံနက် (၀၈၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အလှူရှင်များနှင့်အတူ ပုသိမ်မြို့၊ ရွှေမုဌော မဟာစေတီတော်မြတ်ကြီး၏ ဦးမောင်ကြီး အာရုံခံတန်ဆောင်း၌ ကျင်းပပြုလုပ်သည့် (၆၄)ကြိမ်မြောက် မြို့လုံးကျွတ်ဝါဆိုသင်္ကန်း ကပ်လှူခြင်း ရေစက်ချပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ အခမ်းအနားကို ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ စတင်ဖွင့်လှစ်ခဲ့ပြီး ကုန်းသာကျောင်းတိုက် ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာကြားကာ ဝါဆိုသင်္ကန်းနှင့်လှူဘွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ညောင်ပင်သာကျောင်းတိုက်ဆရာတော်ကြီးထံမှ အနုမောဒနတရား နာကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်းခဲ့ပါသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ် (၁)ရပ်ကွက်၊ ရွှေတောင်တန်းအိမ်ရာဝင်းအတွင်း၌ ကျင်းပသည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးမည့် MCC Polyteehnic College ဖွင့်ပွဲ အခမ်းအနားတက်​ရောက်ခဲ့ပြီး သင်တန်းခန်းမအား လှည့်လည်ကြည့်ရှုခဲ့သည်။ ထို့နောက် ဖွင့်ပွဲခန်းမဆောင်တွင် MCC Group ဥက္ကဋ္ဌ ဦးတင်ဝင်းအောင်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်ကြားမည့် သင်တန်းဆိုင်ရာများအား ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့အား ဖွင့်ပွဲအမှတ်တရ အလံများ ပေးအပ်ခဲ့ပါသည်။

21-Jul-2016