ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် Coronavirus Disease 2019 (Covid – 19)လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကြိုတင်ကာကွယ်ရေးနှင့် စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

Coronavirus Disease 2019 (Covid – 19)လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကြိုတင်ကာကွယ်ရေးနှင့် စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၆)ရက်နေ့၊ နံနက် (၁၁၀၀)နာရီအချိန်၌ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမျူး၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ပုသိမ်မြို့၊ ကုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံအုပ်ကြီးနှင့် အထူးကု ဆရာ၀န်ကြီးများ၊ ခရိုင်ဆေးရုံအုပ်ကြီးများ တက်ရောက်ခဲ့ပါသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က အမှာစကား ပြောကြားရာတွင် Coronavirus Disease 2019 (Covid – 19) ကမ္ဘာ့အနှံ့ကူးစက်ပြန့်ပွားနိုင်သည့် ကမ္ဘာ့ကပ်ရောဂါအဖြစ် (၁၁.၃.၂၀၂၀)ရက်နေ့တွင် WHO က သတ်မှတ်ကြေညာခဲ့ကြောင်း၊ ၎င်းရောဂါသည် လူစုလူဝေးမှတ်ဆင့် လျင်မြန်စွာ ကူးစက်နိုင်ပါသဖြင့် လူစုလူဝေးဖြင့် ကျင်းပရမည့် အစည်းအဝေးများ၊ အခမ်းအနားများ၊ ပွဲလမ်းသဘင်များအား မတ်လ (၁၃)ရက်နေ့မှ ဧပြီလ (၃၀)ရက်နေ့အထိ ရပ်ဆိုင်းထားရန် နိုင်ငံတော်သမ္မတရုံးမှ အကြောင်းကြားလာမှုအပေါ် တိုင်းဒေသကြီးအတွင်းရှိ ဌာန/အဖွဲ့အစည်းများအားလုံးသို့ အကြောင်းကြားထားပြီးဖြစ်ကြောင်း၊ အမျိုးသားအဆင့် ဗဟိုကော်မတီညှိနှိုင်း အစည်းအဝေးမှ ညွှန်ကြားချက်များ ရရှိပါကလည်း ညွှန်ကြားချက်နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ကျန်းမာရေးဦးစီးဌာနမှ  ဆောင်ရွက်နေသကဲ့သို့ အုပ်ချုပ်ရေးအပိုင်း၊ လုံခြုံရေးအပိုင်းနှင့် လူဝင်မှုကြီးကြပ်ရေးအပိုင်းတို့မှလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ကာကွယ်ဆေးမပေါ်သေးသဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများ၌ လိုအပ်သည့် ဆေးပစ္စည်း၊ ကိရိယာများကို ဝယ်ယူဖြည့်တင်းရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း သီးခြားထားရှိကုသပေးရန် နေရာလိုအပ်ချက်များကို ကြိုတင်ရှာဖွေထားရန် ဖြစ်ကြောင်း၊ ကျန်းမာရေးဌာနမှ အများပြည်သူ အထိတ်တလန့်မဖြစ်စေတဲ့ ရောဂါကူးစက်မှုပုံစံနှင့် ကူးစက်မှုမရှိအောင် ဆောင်ရန်၊ ရှောင်ရန် (Procedure)များ ထုတ်ပြန်ပေးပြီး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ကျန်းမာရေး ဌာနတစ်ခုထဲမှ ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအဖွဲ့များ ပူးပေါင်းပါဝင်နိုင်စေရေး မိမိတို့အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လူနာတင်ယာဉ်များ လိုအပ်ပါက သုံးစွဲနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိရန် လိုအပ်ကြောင်း၊ သံသယလူနာတွေ့ရှိပါက ကိုင်တွယ်ကုသပေးရမည့် ဝန်ထမ်းများအတွက် လိုအပ်သည့် သင်တန်းများ ကြိုတင်သင်ကြားပေးထားရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၌ ဖွင့်လှစ်ထားသည့် Emergnecy Operation Centre (EOC)ရုံးသို့ (၂၄)နာရီ ဆက်သွယ်ရရှိနိုင်ကြောင်းကိုလည်း အများပြည်သူသိရှိနိုင်ရေး အသိပေးဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ စျေးများတွင်လည်း သန့်ရှင်းရေး နေ့စဉ်ဆောင်ရွက်ရန် စည်ပင်သာယာရေးအဖွဲ့များမှ ကြီးကြပ်ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ခရိုင် (၆)ခရိုင်ရှိ ဆေးရုံကြီးများတွင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည့် စက်ပစ္စည်းကိရိယာများ ဝယ်ယူထားရှိနိုင်ရန် ငွေကျပ်သိန်း (၁၀၀၀)ကို ခေတ္တထုတ်ချေးပေးမည်ဖြစ်ကြောင်း၊ အခြားလိုအပ်ချက်များကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ စီစဉ်ကြီးကြပ်မှုဖြင့် အလှူရှင်များ ရှာဖွေပြီး ဝယ်ယူဖြည့်တင်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ပုသိမ်မြို့၊ ကုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံအုပ်ကြီးတို့မှ ကြိုတင်ကာကွယ်ရေးနှင့် စောင့်ကြပ်ကြည့်ရှုကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ လိုအပ်ချက်များကိုလည်းကောင်း၊ ဌာနဆိုင်ရာများနှင့် ခရိုင်အုပ်ချုပ်ရေးမှူးများမှ သက်ဆိုင်ရာကဏ္ဍအလိုက်ကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြရာ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

17-Mar-2020