ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် မြန်အောင်မြို့၊ အောင်ဇေယျခန်းမနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(နေခြည်)၌ ကျင်းပပြုလုပ်သည့် ကလေးစာပေပွဲတော် (စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်)ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော မြန်အောင်မြို့နယ်၏ ကလေးစာပေပွဲတော် (စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်)ဖွင့်ပွဲအခမ်းအနားအား (၁၃.၁.၂၀၂၀)ရက်နေ့၊ နံနက် (၀၉၀၀)နာရီအချိန်တွင် မြန်အောင်မြို့၊ အောင်ဇေယျခန်းမနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(နေခြည်)၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ လွှတ်တော်အရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့မိမြို့ဖများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ပညာရေး ဌာနမှဝန်ထမ်းများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ မြန်အောင်မြို့၊ အောင်ဇေယျခန်းမရှေ့တွင် မြန်အောင်မြို့နယ်၏ ကလေးစာပေပွဲတော်ဖွင့်ပွဲ အခမ်းအနား(ပထမပိုင်း)အား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်အရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ညွှန်ကြားရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ ကျောင်းသား/ကျောင်းသူများ ခြံရံလျက် မြန်အောင်မြို့နယ်၏ ကလေးစာပေပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။

ထို့နောက် အခမ်းအနား (ဒုတိယပိုင်း)အားစီအစဉ်အား အောင်ဇေယျခန်းမအတွင်း ဆက်လက်ကျင်းပပြုလုပ်ရာ မြန်အောင်မြို့၊ အမက(တာကြီးတန်း)ကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက ကလေးစာပေပွဲတော်(Theme Song)အား သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က အမှာစကား ပြောကြားရာတွင် ယနေ့ဖွင့်လှစ်သည့် မြန်အောင်မြို့နယ်၏ ကလေးစာပေပွဲတော်သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တွင် ကျင်းပပြုလုပ်သော ကလေးစာပေ ပွဲတော်များအနက် (၁၇)ခုမြောက်ဖြစ်ပါကြောင်း၊ ကလေးစာပေပွဲတော်များကို (၁.၁၁.၂၀၁၉)ရက်နေ့မှ စတင်၍ ယနေ့အထိ ခရိုင်အဆင့်မြို့နယ် (၂)ခု၊ မြို့နယ် အဆင့်(၁၃)ခု၊ မြို့အဆင့် (၂)ခု၊ စုစုပေါင်း(၁၇)မြို့နယ်မှာစည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်နိုင်ခဲ့ပြီး တိုင်းဒေ သကြီးအတွင်း ဒီကလေးစာပေပွဲတော်များကို ကလေးများရဲ့အနာဂတ်အတွက် ထုဆစ်ပုံဖော်မှုနှင့် ကလေးများရဲ့ပုံရိပ် ဖွံ့ဖြိုး တိုးတက်လာစေရန်၊ တိုင်းဒေသကြီး တစ်ခုလုံးဖွံ့ဖြိုးတိုးတက်ဖို့အတွက် တတ်စွမ်းသရွေ့ တည်ဆောက်အကောင်အထည်ဖော်ပေးခြင်းဖြစ်ပါကြောင်း၊ စာအုပ်ကိုချစ်သောကလေးတို့ဟာ စာဖတ်ကျင့်ရှိသူများဖြစ်လာပြီး နိုင်ငံတော်ကို တည်ဆောက်သူများ ဖြစ်လာမည်သာဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်ပြီးခဲ့တဲ့ ကလေးစာပေပွဲတော်များသို့ တစ်နေ့လျှင် အနည်းဆုံး ကျောင်းသား/ကျောင်းသူ (၆၀၀၀)မှ အများဆုံး (၁၅၀၀၀)ခန့် လာရောက်လေ့လာကြသည်ဟု သိရှိရပါကြောင်း၊ ထူးခြားသည်က ကလေးများသာမက ကလေးများ၏ မိဘတော်တော်များများပါ အုပ်ထိန်းသူအနေနဲ့ စောင့်ရှောက်ရန် ပါဝင်လာတာကိုတွေ့ရှိရပြီး ဒီလိုပါဝင်လာရင်းမှ ကလေးစာပေပွဲတော်၏ အနှစ်သာရကို သိရှိကာ မိမိတို့ရင်သွေးများ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သို့ပုံဖော်ထိန်းကျောင်းရမည်ကို ကိုယ်တိုင်တွေ့မြင် ကြားသိသွားစေခြင်းဟာ ပွဲတော်ကျင်းပရခြင်း၏ ရလဒ်တစ်ခုအဖြစ် သက်သေပြလျက်ရှိပါကြောင်း၊ ကလေးစာပေပွဲတော်များမှာ ကလေးများ ဗဟုသုတရရှိစေမည့် ပြခန်းများ အနည်းဆုံး တစ်မြို့နယ်လျှင် (၈)ခန်းမှ (၁၂)ခန်းထိ ခင်းကျင်းပြသလျှက်ရှိတာကို တွေ့ရှိရပါကြောင်း၊ ပြခန်းများထဲမှာ တိုင်းဒေသကြီးအတွင်း ကဏ္ဍစုံမှ ထူးချွန်ထင်ရှားတဲ့ ပုဂ္ဂိုလ်များ၏မှတ်တမ်းဓါတ်ပုံများနဲ့ ထူးချွန်ထင်ရှားဧရာဝတီတိုင်းသားများပြခန်းကို ထည့်သွင်းပြသထားရှိပါကြောင်း၊ ဒီပြခန်းများကို ဝင်ရောက်လေ့လာရင်း မိမိတို့တိုင်း‌ဒေသကြီးအတွင်း ထူးချွန်ထင်ရှားတဲ့ ပုဂ္ဂိုလ်များအားမြင်တွေ့သိရှိသွားပြီး ဒီလိုဖြစ်လာအောင်ကြိုးစားချင်စိတ်တွေ ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ထည့်သွင်းပြသထားခြင်းဖြစ်ပါကြောင်း၊ ဒီပြခန်းများအပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ပညာရေး၊ကျန်းမာရေး၊စိုက်ပျိုးရေး၊စည်ပင်၊မီးသတ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ သက်ဆိုင်ရာစက်မှုလက်မှုကျောင်းများ ၊ လူမှုရေးအသင်းအဖွဲ့မှ ပြခန်းများ ပါဝင်ပြသထားရှိပြီး ကလေးများအတွက် ဗဟုသုတရရှိစေရန်နှင့် လက်တွေ့ပါဝင်ဆောင်ရွက်နိုင်စေရန် ဆောင်ရွက်ကြသလို ဌာနဆိုင်ရာများကလည်း ကလေးများအနာဂတ်အတွက် တိုင်းဒေသကြီးအစိုးရနှင့်အတူ ဟန်ချက်ညီညီ ပူးပေါင်းပါဝင်ခြင်းဟာ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အားတစ်ခုဖြစ်ပါကြောင်း၊ ဒီကလေးစာပေပွဲတော်များ ကျင်းပခြင်းဟာ နိုင်ငံရဲ့ အနာဂတ် စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ဖို့ နိုင်ငံတော်ရဲ့အနာဂတ်လှပဖွံ့ဖြိုးတိုးတက်စေဖို့ကျင်းပပေးတာဖြစ်သလို အနာဂတ်အတွက် ရေရှည်ဆက်လက်ဆောင်ရွက်ကြရန် အစ ပျိုးပေးလိုက်ခြင်းလည်းဖြစ်ပါကြောင်း၊ထူးခြားသည်ကဒီလိုကလေးစာပေပွဲတော်များကျင်းပ ရာတွင် ကလေးများကျေးရွာဒေသအသီးသီးကပါ လာရောက်လေ့လာနိုင်ပြီး ပါဝင်ခွင့်ရရှိတာကို တွေ့ရှိရပါကြောင်း၊ ဌာနဆိုင်ရာများကလည်း မိမိတို့လုပ်ငန်းကိစ္စရပ်များမှာ ပြည်သူများပါဝင်နိုင်ရန် ပြသခွင့်ရပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြခြင်း၊ နေ့စဉ်ခေါင်းရွက်ဗျက်ထိုး ဈေးရောင်းသူများအနေဖြင့်လည်း ပါဝင်ရောင်းချခွင့်ရသဖြင့် ဝင်ငွေတိုးပွားရရှိခြင်း အခွင့်အလမ်းများ ရရှိလာမယ်လို့ သုံးသပ်ထင်မြင်မိပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဒီကလေးစာပေ ပွဲတော်ဟာ ကျွန်တော်တို့အစိုးရသစ်လက်ထက်မှာမှ ဖော်ထုတ် အကောင်အထည်ဖော်တာဖြစ်ပြီး နိုင်ငံရဲ့အနာဂတ်အတွက် ရည်ရွယ်ချက်ကောင်းတွေနဲ့ အကောင်အထည်ဖော်ပေးတဲ့ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မိမိရပ်ရွာဒေသကို အကျိုးပြုကြသော ငွေအား/လူအားနဲ့ကူညီဆောင်ရွက်ပေးကြသူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ကျွန်တော်တို့အစိုးရရဲ့ ပြည်သူနဲ့အတူ ဟူသော ဆောင်ပုဒ်နဲ့အညီ အစိုးရနဲ့ပြည်သူ လက်တွဲညီညီ ဆောင်ရွက်ကြတဲ့ပွဲတော် ဖြစ်ပါကြောင်း နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ အထက(၁)မြန်အောင်မှ ကျောင်းသား/ကျောင်းသူလေးများက ထာဝရ မြန်မာတေးသရုပ်ဖော်ဖြင့် ကပြဖျော်ဖြေခြင်း၊ အမက(တာကြီးတန်း)ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ် သီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ အမက(ယွန်းကျောင်း)မှ ကျောင်းသား/ကျောင်းသူများက ပြည်ထောင်စုရဲ့ သဘာဝအလှ တေးသီချင်းဖြင့် ကပြဖျော်ဖြေခြင်း၊ အမက(ရွှေကျောင်း)မှ ကျောင်းသား/ကျောင်းသူလေးများကထာဝရအားမာန် တေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများက ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်မှ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကုမ္ပဏီများမှ လှူဒါန်းသည့် မြန်အောင်မြို့နယ် ဆေးရုံ(၃)ထပ်ဆောင်တွင် ဓါတ်လှေကား(Stabilizer)တပ်ဆင်ရန်အတွက် အလှူငွေ ကျပ်သိန်း(၂၀)အား မြို့နယ်ကျန်းမာရေး အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးသက်နိုင်ထံသို့လည်းကောင်း၊ သိဒ္ဓိအောင်စာပေရေချမ်းစင် စာကြည့်တိုက်အတွက် အလှူငွေကျပ်(၃)သိန်းအား သိဒ္ဓိအောင်စာပေရေချမ်းစင်စာကြည့်တိုက် ဥက္ကဋ္ဌ ဦးသိန်းဆန်းထံသို့လည်းကောင်း၊ရသအောင်မြေ စာကြည့်တိုက်အတွက် အလှူငွေကျပ်(၃)သိန်းအား ရသအောင်မြေစာကြည့်တိုက် ဥက္ကဋ္ဌ ဦးသန်းညွှန့်ထံသို့လည်းကောင်း၊ ပညာ့အလင်းရေနံမြေစာကြည့်တိုက်အတွက် အလှူငွေကျပ်(၃)သိန်းအား မြန်အောင်ရေနံမြေ အထွေထွေမန်နေဂျာ ဦးလှမြင့် ထံသို့လည်းကောင်း၊ Wisdom Box စာကြည့်တိုက်များ ဖွံ့ဖြိုးရေးအစီအစဉ်အတွက် အလှူငွေ(၂)သိန်းအား Wisdom Box စာကြည့်တိုက်များဖွံ့ဖြိုးရေးအစီအစဉ် တာဝန်ခံ ဦးဌေးအောင်ထံသို့လည်းကောင်း ပေးအပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး၊ အထက(၂ - နေခြည်) ကျောင်းအတွင်း ခင်းကျင်းပြသထားသော ကလေးစာဖတ်ခန်းနှင့်ပြခန်းများ၊ စာအုပ်အရောင်းဆိုင်များ၊ပျော်ပွဲရွှင်ပွဲပြိုင်ပွဲများအား လှည့်လည်ကြည့်ရှု့အားပေးခဲ့ပါသည်။

14-Jan-2020