ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၄/၂ဝ၂၆) တက်ရောက်

ပုသိမ် နိုဝင်ဘာ ၁၇

စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၄/၂ဝ၂၆) ကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများက Video conferencing ဖြင့်တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေး တိုင်းဒေသကြီးဖြစ်သောကြောင့် နိုင်ငံတော်အကြီးအကဲနှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ စိုက်ဧကများမှန်ကန်ရေး၊ အထွက်နှုန်းများမှန်ကန်စေရေးအတွက် အလေးထားဆောင်ရွက်ရန် ညွှန်ကြားထားပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ကြဲခင်းစနစ်များပပျောက်စေရေးကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန်လိုပါကြောင်း၊ ဆီထွက်သီးနှံနှင့် ပတ်သက်၍လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ခရိုင်အလိုက် တာဝန်ပေးအပ် ထားပါကြောင်း၊ ကြဲခင်းစနစ်ပပျောက်ရေးအတွက်လည်း သက်ဆိုင်ရာဝန်ကြီးများက မြို့နယ် အဆင့်အထိ ကွင်းဆင်းကာ စိုက်တိုးမြင့်အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်သွားရန်လိုပါကြောင်း၊ ခရိုင်၊ မြို့နယ်စိုက်တိုးမြင့်အဖွဲ့များကလည်း ကြဲခင်းစနစ်ပပျောက်ရေးအတွက် တောင်သူများ လိုက်ပါဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ရန်လိုပါကြောင်း၊ ကြဲခင်းစနစ် ပပျောက်ရေးသည် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုဖြစ်ပြီး Drum Seeder များဖြင့်စိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုးသည့်စနစ်ဖြင့်စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်၊ လက်ဆွဲ ကောက်စိုက်စက် များဖြင့် စိုက်ပျိုးခြင်းများကို တိုးတက်လုပ်ဆောင်ကြရမှာ ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ကြရန်” ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် စက်မှုလယ်ယာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ကြဲခင်းစနစ်ပပျောက်ရေး၊ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ တိုးချဲ့ စိုက်ပျိုး နိုင်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် စက်မှုလယ်ယာစနစ် ပိုမိုတွင်ကျယ်စွာအသုံးပြုနိုင်ရေး၊ Drum Seeder၊ ကောက်စိုက်စက်နှင့် လက်ဆွဲကောက်စိုက်စက်များ အသုံးပြုမှု တိုးမြှင့်နိုင်ရေး၊ စိုက်ပျိုးမြေဧရိယာများ မှန်ကန်တိကျစွာ စာရင်းပြုစုနိုင်ရေး၊ အမှန်တကယ်စိုက်ပျိုးသည့် ဧကနှင့် သီးနှံအမျိုးအစားများ ကိုက်ညီမှုရှိစေရေး၊ ဒေသနှင့်ကိုက်ညီသည့် သီးနှံမျိုးကောင်းမျိုးသန့်များ အသုံးပြုစိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးနည်းစနစ်များ မှန်ကန်စေရေး၊ သွင်းအားစုများ အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်ရေးဆွေးနွေးတင်ပြမှုများနှင့် ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး များ၏ အထွေထွေဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့သည်။

18-Nov-2026