ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ကျိုက်လတ်မြို့နယ်ရှိ Wilmar Myanmar Riceland Kyaiklat Limited ပေါင်းဆန်စက်လုပ်ငန်းအားသွားရောက်ကြည့်ရှုစစ်ဆေး
ပုသိမ် နိုဝင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျိုက်လတ်မြို့နယ်၊ ဖျာပုံ-ကျိုက်လတ် ကားလမ်းဘေးရှိ Wilmar Myanmar Riceland Kyaiklat Limited ပေါင်းဆန်စက် လုပ်ငန်းသို့ သွားရောက်၍ စက်ရုံ၏ လုပ်ငန်းလည်ပတ်နေမှု၊ ပေါင်းဆန်ထုတ်လုပ်မှု လုပ်ငန်းများ ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား စက်ရုံတာဝန်ရှိသူများက ကျိုက်လတ်မြို့တွင် ပေါင်းဆန်ထုတ်လုပ်မှု လုပ်ငန်းဆောင်ရွက်နေမှု၊ ဈေးကွက်သို့ တင်ပို့ဖြန့်ဖြူးမှုနှင့် စက်ရုံ၏ လက်ရှိလုပ်ငန်းလည်ပတ်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် Boiler နှင့် Steam Turbine စနစ်၊ အခြောက်ခံစက်နှင့် သိုလှောင်ရုံ၊ အဆင့်မြင့်ပေါင်းဆန်စက်ရုံ၊ ခေတ်မီဆန်ကြိတ်ခွဲ စက်ရုံ၊ အရည်အသွေးထိန်းချုပ်မှုနေရာ၊ ဘေးထွက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ၊ ဆိပ်ခံတံတား တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသထွက် စပါးများကို အကျိုးရှိရှိ အသုံးချ၍ အရည်အသွေးမြင့် ပေါင်းဆန်များ ပိုမိုထုတ်လုပ်နိုင်ရေး၊ ဖွဲနုဆီထုတ်လုပ်နိုင်သည်အထိ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်လျှောက် အရည်အသွေးထိန်းချုပ်မှုကို အလေးထားဆောင်ရွက်ရေး၊ ဒေသတွင်း စိုက်ပျိုးထုတ်လုပ်သူများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ကာ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားခဲ့သည်။