တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် နွေစပါးစိုက်ပျိုးရေလုံလောက်စွာတိုးတက်ပေးဝေနိုင်ရေးဆောင်ရွက်ထာရှိမှုများကို ကြည့်ရှုစစ်ဆေး
ပုသိမ် နိုဝင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် သည် ဖျာပုံမြို့နယ်၊ သပြေကန်သိမ်ကုန်းဧရိယာအတွင်း နွေစပါးစိုက်ပျိုးရေလုံလောက်စွာ တိုးတက်ပေးဝေနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ ကြက်ဖမွေးဇောင်းကျွန်းပတ်တာ တာမိုင် ၃/၂ မှ ၉/၂ အတွင်း တာပုံစံကျ တာမြှင့်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ကြက်ဖမွေးဇောင်း ကျွန်းပတ်တာ အတွင်းမှ ရေချိုကိုသွင်းယူ၍ ဘိုကလေးမြို့နယ်၊ ဒေါင့်ကြီးအရှေ့ကျွန်းပတ်တာအတွင်း နွေသီးထပ် ၂၂၀၀ ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး စပေတူးမြောင်း တူးဖော်နေမှုများကိုလည်းကောင်း၊ ကြက်ဖ မွေးဇောင်း ကျွန်းပတ်တာ နွေစပါးစိုက်ဧက (၁၂၅၀) ဧကအား အကျိုးပြုမည့် အချင်း ၄ ပေ အရွယ်အစား ၁၅ ပေါက်ပါ ဖလက်ရေထိန်းတံခါး ပြုပြင်ဆောင်ရွက်နေမှုများကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
ကြက်ဖမွေးဇောင်းကျွန်းပတ်တာအတွင်း ယခင်က နွေစပါးစိုက်ပျိုးမှုမှာ ဧက (၆၀၀၀) ခန့်သာ အများဆုံးစိုက်ပျိုးနိုင်ခဲ့ပြီး ကြက်ဖမွေးဇောင်းကျွန်းပတ်တာအတွင်း ချောင်းမြောင်းများ တူးဖော်ခြင်းနှင့် ရေသွင်းရေထိန်းတံခါးများ ပြုပြင်တည်ဆောက်ပေးနိုင်ခဲ့ခြင်းကြောင့် နွေစပါးဧက (၁၆၀၀၀) ကျော်အထိ ဧက (၁၀၀၀၀) ကျော် တိုးတက်စိုက်ပျိုးနိုင်ခဲ့ပါသည်။