ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော် ဒီပါဝလီဆီမီးတစ်ထောင်မီးထွန်းပွဲတော်နှင့် မဟာလက်(ခ်ျ)မီး မယ်တော်ပူဇော်ပွဲ အခမ်းအနားတက်ရောက်
ပုသိမ် နိုဝင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁၃)နယ်မြေ၊ ကင်မလင်းကျွန်းရပ်ကွက် သျှရီဒူ(ရ်)ဂါ ဟိန္ဒူဘုရားကျောင်း၌ ဒီပါဝလီဆီမီးတစ်ထောင်မီးထွန်းပွဲတော်နှင့် မဟာလက်(ခ်ျ)မီး မယ်တော်ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဒီပါဝလီမီးထွန်းပွဲတော်အထိမ်းအမှတ် ဆီမီးထွန်းညှိ ပူဇော်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့ကျင်းပသည့် ဒီပါဝလီပွဲတော်သည် ဟိန္ဒူဘာသာဝင်များ အထွတ်အမြတ်ထားသည့် ဘာသာရေးပွဲတော်တစ်ခုဖြစ်သကဲ့သို့ အလင်းရောင်က အမှောင်ကို အောင်နိုင်ခြင်း၊ ကောင်းမြတ်သည့်အရာက မကောင်းမှုကိုအနိုင်ယူခြင်းနှင့် အသိပညာက မသိနားမလည်မှုကို ဖယ်ရှားပေးခြင်းတို့ကို ကိုယ်စားပြုသည့် အဓိပ္ပာယ် ပြည့်ဝသည့် ပွဲတော်တစ်ခုလည်း ဖြစ်ပါကြောင်း၊ ဘာသာတရားအသီးသီးကို ကိုးကွယ်ယုံကြည်ကြသူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် နားလည်လေးစားမှုများ ပိုမိုခိုင်မာလာပြီး ငြိမ်းချမ်းသာယာဝပြောသည့် လူမှုအသိုက်အဝန်းတစ်ရပ်ကို အတူတကွတည်ဆောက်နိုင်ကြပါစေ ကြောင်း” ဂုဏ်ပြုစကားပြောကြားသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ အတွင်းရေးမှူးက ဒီပါဝလီပွဲတော် ရည်ရွယ်ချက်နှင့်အနှစ်သာရကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဟိန္ဒူသာသနာရေးအဖွဲ့၊ ဥက္ကဋ္ဌက ကျေးဇူးတင်စကားကိုလည်းကောင်း အသီးသီး ပြောကြားခဲ့သည်။