ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ၊ ဆီထွက်သီးနှံပဲပုတ်စိုက်ပျိုးပွဲနှင့် မျိုးစေ့ပေးအပ်ပွဲအခမ်းအနားတက်ရောက်
ပုသိမ် နိုဝင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေးကြီးကြပ်မှုကော်မတီနှင့် ဧရာပုသိမ် ဆန်စပါးရောင်းဝယ်ရေးကုမ္ပဏီလီမိတက်တို့မှ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ၊ ဆီထွက်သီးနှံပဲပုတ် စိုက်ပျိုးပွဲနှင့် မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တွန်ပလွန်ကျေးရွာအုပ်စု၊ တွန်ပလွန်ကျေးရွာတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ အောင်နိုင်တိုးစပါးမျိုးရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးပြီး ဆီထွက်သီးနှံ ပဲပုတ်စိုက်ပျိုးမည့် တောင်သူများထံသို့ ရေဆင်း-၁၅ ပဲပုတ်မျိုးစေ့များ ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ မိုးစပါးရိတ်သိမ်းချိန်တွင် တောင်သူများအနေဖြင့် ရိတ်သိမ်းခြွေလှေ့စက်များ၊ လယ်ယာ သုံးစက်ကိရိယာများကို အချိန်မီအသုံးပြုနိုင်ရေးနှင့် စပါးများ အချိန်မီရိတ်သိမ်းနိုင်ရေးအတွက် စက်သုံးဆီ လိုအပ်ချက်များကို ကြိုတင်တွက်ချက်စီမံထားရှိရန် လိုအပ်ပါကြောင်း၊ မိုးစပါး ရိတ်သိမ်းချိန် ရာသီအတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် တောင်သူများ အခက်အခဲမဖြစ် ပေါ်စေရေးအတွက် သက်ဆိုင်ရာဌာနများ၊ တာဝန်ရှိသူများအနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးကြရန်လိုပါကြောင်း၊ ထို့ပြင် မိုးစပါးများ ရိတ်သိမ်းချိန်တွင် ရာသီဥတုအခြေအနေကို စောင့်ကြည့်ပြီး ရိတ်သိမ်းပြီးစပါးများ အလေအလွင့်နည်းပါးစွာဖြင့် အချိန်မီ သိမ်းဆည်းနိုင်ရေး၊ အရည်အသွေးကောင်းမွန်သည့် စပါးများရရှိရေးတို့ကို စနစ်တကျဆောင်ရွက်ကြရန်လိုကြောင်း၊ တိုင်းဒေသကြီးတွင် ဆီဖူလုံမှုရှိစေရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုတ်အစရှိသည့် ဆီထွက် သီးနှံများကို အောင်မြင်ဖြစ်ထွန်းနိုင်သည့်နေရာများတွင် တိုးချဲ့စိုက်ပျိုး လျက်ရှိပါကြောင်း၊ ဆီထွက်သီးနှံ ပဲပုတ်သည်လည်း တောင်သူများအတွက် များစွာအကျိုးဖြစ်ထွန်းသည့် သီးနှံတစ်ခု ဖြစ်ပါကြောင်း၊ ပဲပုတ်မှ စားသုံးဆီထုတ်လုပ်နိုင်သကဲ့သို့ ပဲပုတ်ဆီ ကြိတ်ပြီးကျန်ရှိသည့် ပဲပုတ်ဖတ်၊ ပဲပုတ်ကြိတ်ဖတ်များကိုလည်း မွေးမြူရေးလုပ်ငန်းများတွင် အာဟာရဓာတ် ကြွယ်ဝသော တိရစ္ဆာန်အစာကုန်ကြမ်းအဖြစ် အသုံးပြုနိုင်ကြောင်း၊ ထို့ကြောင့် ပဲပုတ်သီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်းသည် စားသုံးဆီထုတ်လုပ်မှုတိုးတက်စေရုံသာမက မွေးမြူရေးလုပ်ငန်းများ အတွက် လိုအပ်သော အစာကုန်ကြမ်းများကိုလည်း ပြည်တွင်း၌ ဖြည့်ဆည်းပေးနိုင်သဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍနှစ်ရပ်စလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါကြောင်း၊ တိုင်းဒေသကြီးအတွင်း၌ ဆီဖူလုံရေးအတွက် နေကြာစိုက်ပျိုးခြင်းကို တိုးချဲ့ဆောင်ရွက်လျက် ရှိသကဲ့သို့ ဟင်္သာတခရိုင်၊ မြန်အောင်ခရိုင်နှင့် ကျုံပျော်ခရိုင်တို့၌လည်း ပဲပုတ်ကို တွင်တွင် ကျယ်ကျယ်စိုက်ပျိုးလျက်ရှိပါကြောင်း၊ တောင်သူများအနေဖြင့် မိမိတို့ဒေသ၏ ရာသီဥတု၊ မြေအမျိုးအစားနှင့် ရေမြေအခြေအနေများနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ် စိုက်ပျိုးပြီး စိုက်ပျိုးရေးနည်းပညာများကို လိုက်နာစိုက်ပျိုးကြရန်လိုပါကြောင်း၊ ဈေးကွက်ခိုင်မာ ပြီးဈေးကောင်းရရှိသဖြင့် တောင်သူများအတွက် များစွာအကျိုးရှိပါကြောင်း၊ တိုင်းဒေသကြီး အတွင်း ဆီဖူလုံမှုရှိစေရေးနှင့် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနနှင့် တာဝန်ရှိသူများက စိုက်ပျိုးနည်းစနစ်များနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက် ဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။