ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် (၃၈)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့အခမ်းအနားတက်ရောက်
ပုသိမ် နိုဝင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် (၃၈)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားကို “ဇာတိမာန်”သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က “အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရည်မှန်းချက်တွင်ပါဝင်သည့် တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည့် အချက်လေးချက်ကို ဝန်ထမ်းများအနေဖြင့် အလေးအနက်ထား လိုက်နာလုပ်ဆောင်ကြရမည် ဖြစ်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားတွင် အခြေခံကျသည့် ဌာနတစ်ခုဖြစ်သည့်အတွက် နိုင်ငံတော်၏ သစ္စာကိုစောင့်သိလျက် အစိုးရ၏ မူဝါဒများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၊ ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက် အကောင်အထည်ဖော်ကြရန်နှင့် နိုင်ငံတော်၏အကျိုး၊ ဒေသ၏အကျိုး၊ ပြည်သူလူထု၏အကျိုးကို အစဉ်သယ်ပိုးနိုင်ပြီး အရည်အသွေးပြည့်ဝသော အုပ်ချုပ်ရေးဝန်ထမ်းကောင်းများဖြစ်အောင် ကျရာအခန်းကဏ္ဍမှ ကျေပွန်စွာထမ်းဆောင်ကြရန်လိုပါကြောင်း” ဂုဏ်ပြုပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၃၈)နှစ် မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှချီးမြှင့်သည့် စီမံ ထူးချွန်တတိယဆင့်ရရှိသူအား ဆုချီးမြှင့်ခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန သမိုင်းကြောင်းဗီဒီယိုပြသမှုကို ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်ဆုရရှိခဲ့သည့် အရာထမ်း၊ အမှုထမ်းများနှင့် တစ်နှစ်ပတ်လုံး ခွင့်ယူခြင်းမရှိဘဲ လုပ်ငန်းတာဝန်များအား ကျေပွန်စွာထမ်းဆောင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ငွေများ၊ ဆုတံဆိပ်များနှင့် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများအတွက် ဝတ်စုံများထောက်ပံ့ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှု များကိုကြည့်ရှုအားပေးခဲ့သည်။