ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် မြန်မာ့ရိုးရာပုသိမ်ထီးနှင့် သဘာဝလက်မှုအနုပညာပွဲတော် (ကန်သုံးဆင့်)အတွက် ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းတင်ပြသည့် အစည်းအဝေးတက်ရောက်

ပုသိမ် နိုဝင်ဘာ ၇

မြန်မာ့ရိုးရာပုသိမ်ထီးနှင့် သဘာဝလက်မှုအနုပညာပွဲတော် (ကန်သုံးဆင့်)အတွက် ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများက ပုသိမ်ထီးလုပ်ငန်းနှင့် ဒေသထွက် အနုပညာပစ္စည်းများကို ခရီးသွားလုပ်ငန်းနှင့် ချိတ်ဆက်မြှင့်တင် ဆောင်ရွက်သွားမည့်အခြေအနေများ၊ ပန်းပွဲတော်အတွက် ရာသီအလိုက်ပန်းမျိုးစုံ၊ အလှစိုက်ပန်းပင်များ စိုက်ပျိုးပြသနိုင်ရေးနှင့် ပန်းအလှဆင်ပြသမည့်နေရာများ၊ ပန်းအမျိုးအစားများ၊ ပန်းအလှဆင်ခြင်းနှင့် မီးအလှဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများ၊ ပွဲတော်ကာလအတွင်း ပန်းအလှပြသနေရာများနှင့် ပြခန်းများအတွက် လျှပ်စစ်မီးလိုင်းများ တပ်ဆင်ပေးနိုင်ရေး၊ ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်လည်ပတ်နို င်ရေးတို့အတွက် လျာထားဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ထိုကဲ့သို့ ရှင်းလင်းဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြန်မာ့ ရိုးရာပုသိမ်ထီးသည် ဒေသ၏အမှတ်သင်္ကေတတစ်ခုဖြစ်သည့်အပြင် မြန်မာ့ရိုးရာလက်မှုပညာနှင့် ယဉ်ကျေးမှုအမွေအနှစ် တစ်ရပ်ဖြစ်သဖြင့် ပုသိမ်ထီးလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသထွက်လက်မှုအနုပညာပစ္စည်းများ ပိုမိုကျယ်ပြန့်စွာ လူသိများလာစေရေး ဆောင်ရွက်ကြရန်၊ ပွဲတော်သို့ လာရောက်လည်ပတ်ကြမည့် ပြည်သူများစိတ်ဝင်စားမှုရှိစေရန် ပုသိမ်ထီးပြုလုပ်ပုံအဆင့်ဆင့်နှင့် ရိုးရာလက်မှုပညာများကို လက်တွေ့ ပြသနိုင်ရေး စီစဉ်ဆောင်ရွက်ကြရန်၊ ပန်းပွဲတော်အနေဖြင့် ရာသီအလိုက်ပွင့်လန်းသည့် ပန်းမျိုးစုံကို စနစ်တကျရွေးချယ်စိုက်ပျိုးပြီး ပန်းအလှဆင်ပြသမည့်နေရာများ၊ ပန်းအမျိုးအစားနှင့် အရောင်အသွေးများ လိုက်ဖက်ညီ၍ လှပတင့်တယ်စေရေး၊ ပန်းများ ရေရှည်လှပစွာတည်ရှိနိုင်ရေးတို့ကို အလေးထား ဆောင်ရွက်ကြရန်၊ မီးအလှဆင်ခြင်းလုပ်ငန်းများကိုလည်း ပန်းအလှဆင်မှုများနှင့် လိုက်ဖက်ညီစွာ ဆောင်ရွက်ပြီး ညပိုင်းတွင်လည်း ပွဲတော်၏ အလှအပကို ထင်ရှားပေါ်လွင်စေရေး စီစဉ်ကြရန်၊ ပွဲတော်ကျင်းပ မည့်နေရာတစ်လျှောက် လျှပ်စစ်မီးအဆင်ပြေစွာရရှိရေး၊ မီးအလှဆင်ခြင်းနှင့် ပြခန်းများအတွက် လျှပ်စစ်မီးလိုင်းများ စနစ်တကျတပ်ဆင်ရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးတို့ကို ကြိုတင် စီမံဆောင်ရွက်ကြရန်၊ ပွဲတော်ကာလအတွင်း လာရောက်လည်ပတ်ကြမည့် ပြည်သူများ သွားလာရေး၊ ယာဉ်ရပ်နားနိုင်ရေးနှင့် လုံခြုံရေးကိစ္စရပ်များအား သက်ဆိုင်ရာ ဌာနများအနေဖြင့် မိမိတို့တာဝန်ယူရမည့် လုပ်ငန်းများအလိုက် အချိန်မီပြီးစီးအောင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ကြရန်နှင့် ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ၊ စနစ်တကျအောင်မြင်စွာ ကျင်းပနိုင်ရေး အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

07-Nov-2026