Quantitive Drive Technologies Ltd မှ ပုသိမ်စက်မှုစီမံကိန်းတွင် ဆောင်ရွက်လျက်ရှိသည့် BAJAJ အမှတ်တံဆိပ် နှစ်ဘီးနှင့် သုံးဘီးယာဉ်များ တပ်ဆင်ထုတ်လုပ်မှုအခြေအနေနှင့် ပြည်ပသို့ ဆန်တင်ပို့ရေးဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြခြင်း
ပုသိမ် နိုဝင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ Quantitive Drive Technologies Ltd မှ ပုသိမ်စက်မှုစီမံကိန်းတွင် ဆောင်ရွက်လျက်ရှိသည့် BAJAJ အမှတ်တံဆိပ် နှစ်ဘီးနှင့် သုံးဘီးယာဉ်များ တပ်ဆင်ထုတ်လုပ်မှုအခြေအနေနှင့် ပြည်ပသို့ ဆန်တင်ပို့ရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ပြုလုပ်ခဲ့ရာ ကုမ္ပဏီမှ တာဝန်ရှိသူများက မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုများ ဆောင်ရွက်ထားရှိမှု၊ SKD လူစီးသုံးဘီးယာဉ်ထုတ်လုပ်မှု၊ EV ဆိုင်ကယ်ထုတ်လုပ်မှု၊ ထုတ်ကုန်အမျိုးအစားများ၊ ဒေသတွင်း GDPတိုးတက်ရေးနှင့် စီးပွားရေးအပေါ် အကျိုးပြုနိုင်မှုအခြေအနေများ၊ ပြည်ပသို့ ဆန်နှင့်ပဲတင်ပို့နိုင်ရေး ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး များ၏ အထွေထွေဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ပုသိမ်စက်မှု စီမံကိန်းတွင် နှစ်ဘီးနှင့် သုံးဘီးယာဉ်များ တပ်ဆင်ထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင်စွာ လည်ပတ်နိုင်ရေးအတွက် လိုအပ်သည့် အခြေခံအဆောက်အအုံများ၊ လုပ်ငန်းဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေးနှင့် ဒေသခံလုပ်သားများ၏ ကျွမ်းကျင်မှု တိုးတက်စေရေးတို့ကို အလေးထားဆောင်ရွက်ရန်လိုပါကြောင်း၊ ဒေသတွင်းလိုအပ်ချက်များ အပြင် အခြားသောဒေသများသို့လည်း ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်သွားရန်လိုပါကြောင်း၊ ထို့ပြင် ဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် GDP တိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို အားပေးမြှင့်တင်ရန်လိုပါကြောင်း၊ ဆန်နှင့်ပဲ ပြည်ပတင်ပို့မှုလုပ်ငန်းများတွင် အရည်အသွေးပြည့်မီရေး၊ ဈေးကွက်ရရှိရေးနှင့် ပို့ကုန်လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် လုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်သွားရန် လိုပါကြောင်း” မှာကြားခဲ့သည်။