ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများ ဘိုကလေးမြို့နယ်တွင် ဖမ်းဆီးရမိသည့် တရားမဝင်အကောက်ခွန်မဲ့ပစ္စည်းများအား ကွင်းဆင်းစစ်ဆေး
ပုသိမ် နိုဝင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် နိုဝင်ဘာ (၁)ရက်နေ့က ခိုင်ခိုင်မိုး-၉ ကမ်းရိုးတမ်းသွားရေယာဉ်နှင့် တင်ဆောင်လာသော တရားမဝင်အကောက်ခွန်မဲ့ ပစ္စည်းများအား တာဝန်ရှိသူများက ဖမ်းဆီးရမိခဲ့ရာ ၎င်းပစ္စည်းများ ထိန်းသိမ်းထားရှိသည့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ ယနေ့ နံနက် (၁၂)နာရီ အချိန်က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူး အဖွဲ့ ဥက္ကဌ နှင့် တာဝန်ရှိသူများက ကွင်းဆင်း၍ စစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဝန်ကြီးနှင့် အတူ တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းထက်၊ အမှတ်(၅၀)မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးသက်မောင်တို့က ဘိုကလေးမြို့နယ် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်နှင့် အဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းစစ်ဆေးခြင်းဖြစ်ကြောင်း၊ စစ်ဆေးချက်အရ ဖမ်းဆီးရမိပစ္စည်းများမှာ လျှပ်စစ်လူသုံးကုန်ပစ္စည်းများ၊ ဆပ်ပြာပြုလုပ်ရာတွင် အသုံးပြုသည့် ဓာတုကုန်ကြမ်းများ၊ လယ်ထွန်စက်တာယာဘီးများ စုစုပေါင်း(၂၀)မျိုး၊ ၎င်းတို့အား သယ်ဆောင်လာသည့် ရေယာဉ် (၁)စီးတို့ဖြစ်ပြီး ခန့်မှန်းတန်ဖိုး စုစုပေါင်း ( ၇၇၁၈.၄)သိန်းဖြစ်ကြောင်းနှင့် ၎င်းတရားမဝင်ကုန်သွယ်မှုကိစ္စတွင် ပါဝင်ဆောင်ရွက်သည့် တရားခံ(၁၂)ဦးကိုလည်း တရားဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။