ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ဟိုင်းကြီးကျွန်းမြို့ ဒေသခံဆားတောင်သူများနှင့်တွေ့ဆုံ
ပုသိမ် နိုဝင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက ဟိုင်းကြီးကျွန်းမြို့၊ ကုန်းတန်းကျေးရွာ ဆားတောင်သူဦးမြင့်နိုင်၏ ဆားကွင်းသို့သွားရောက်၍ ဒေသခံဆားတောင်သူများနှင့် တွေ့ဆုံခဲ့ပြီး ဆားထုတ်လုပ်မှု၊ ဈေးကွက်ရရှိမှု၊ ဖြန့်ဖြူးရောင်းချမှုအခြေအနေများမေးမြန်းခဲ့ပြီး ဆားတောင်သူများနှင့် ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နေလှန်းဆားကြမ်း ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကုန်းတန်းကျေးရွာ ဘိုးကြာပန်းတံတား ပြန်လည်ပြုနိုင်ရေးအတွက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငပုတောမြို့နယ်၊ ပျဉ်းမချောင်းကျေးရွာ၊ အတွင်းအလုံဒီပါရုံ ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။