ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ဟိုင်းကြီးကျွန်းမြို့၊ ငါး၊ ပုစွန်အအေးခန်းစက်ရုံ ကြည့်ရှုစစ်ဆေး

ပုသိမ် နိုဝင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည်တာဝန်ရှိသူများနှင့်အတူ ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ ရွှေဟိုင်းကြီး ငါး၊ ပုစွန်အအေးခန်းစက်ရုံ ကုမ္ပဏီလီမိတက်သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် စက်ရုံတာဝန်ရှိ သူများက ငါး၊ ပုစွန်များ ဝယ်ယူစုဆောင်းခြင်း၊ သန့်စင်ပြုပြင်ထုပ်ပိုးခြင်း၊ အအေးခန်းစနစ်ဖြင့် သိုလှောင်ထိန်းသိမ်းခြင်းနှင့် ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသထွက် ရေထွက်ကုန်များ၏ အရည်အသွေးနှင့် သန့်ရှင်းမှုကို အလေးထားဆောင်ရွက်ရန်၊ စက်ရုံလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေး ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၃)ရပ်ကွက်သို့ ရောက်ရှိ၍ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)ရပ်ကွက်များသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်း ကတ္တရာထပ်ပိုးလွှာခင်းကျင်းထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူများ နေ့စဉ်သွားလာရေးနှင့် ကုန်စည်ပို့ဆောင်ရေး အဆင်ပြေချောမွေ့စေရေးအတွက် လမ်းများရေရှည်အသုံးပြုနိုင်အောင် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

05-Nov-2026