ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ပရဝုဏ်အတွင်းရှိ သာသနိကအဆောက်အဦများအား ကြည့်ရှုစစ်ဆေး

ပုသိမ် နိုဝင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦး‌အေးကျော်သည် ယမန်နေ့ည‌နေပိုင်းက တာဝန်ရှိသူများနှင့်အတူ မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ပရဝုဏ်အတွင်းရှိ သာသနိကအဆောက်အဦများတည်ဆောက်နေမှုနှင့် ဟိုင်းကြီးကျွန်းမြို့၊ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)ရပ်ကွက်များသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်း ကတ္တရာထပ်ပိုးလွှာ ခင်းကျင်းထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ပရဝုဏ်အတွင်းရှိ သာသနာ့ဝံသ ကျောင်းဆောင် သာသနာ့ဗိမာန်တော်တည်ဆောက်နေမှု၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တောင်ဘက်အာရုံခံတန်ဆောင်း တည်ဆောက်ပြီးစီးမှု၊ ဘုရားဖူးလာပြည်သူများနားနေနိုင်ရန် ဆောင်ရွက်ထားသည့် နားနေဆောင်နှင့် မြတ်မော်တင်စွန်းစေတီတော်ကုန်းမြေ အောက်ခြေအား ပင်လယ်ရေလှိုင်းရိုက်ခတ်မှုမှ ကာကွယ်ရန် ဆောင်ရွက်ထားသည့် ကျောက်စီလှိုင်းကာတို့အား ကြည့်ရှုစစ်ဆေးပြီး သာသနိကအဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲစေရေး ဝိုင်းဝန်းထိန်းသိမ်းကြရန်နှင့်လိုအပ်သည်များမှာကြားခဲ့သည်။

05-Nov-2026