ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦး‌အေးကျော် ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပုသိမ် နိုဝင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦး‌အေးကျော်သည် ယနေ့နံနက်ပိုင်းက ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ရေးလုပ်ငန်းများကိုသွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ အနေကဇာတင်ဆောင်တွင် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့်ပြုလုပ်သည့် မြတ်မော်တင်စေတီတော် ရင်ပြင်တော် တိုးချဲ့တည်ဆောက်ခြင်းနှင့် ဘက်စုံပြုပြင်မွမ်းမံခြင်းအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က “စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့တည်ဆောက်ခြင်းနှင့် သာသနိကအဆောက်အဦများ အပြီးသတ်တည်ဆောက်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ပါကြောင်း၊ ရင်ပြင်တော်နှင့် သာသနိကအဆောက်အဦဆောက်လုပ်ရေး လုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရေး၊ စေတီတော်ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးနှင့် သာသနိကအဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ကဏ္ဍအလိုက်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်းနှင့် လိုအပ်သည်များကို အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း” ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသူများက မြတ်မော်တင်စေတီတော် အဝင်လမ်းအတွင်း ပန်းအလှပင်များစိုက်ပျိုးထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများ၊ မြတ်မော်တင်စေတီတော်ပရဝုဏ်အတွင်း လေကာပင်များစိုက်ပျိုးထားရှိမှုအခြေအနေ၊ မြတ်မော်တင်စွန်း ဘုရားပွဲတော်ကာလအတွင်း ဘုရားဖူးပြည်သူများ သုံးရေလုံလောက်စွာအသုံးပြုနိုင်ရေးအတွက် ရေလှောင်ကန်များဖြင့် ရေသိုလှောင် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ စေတီတော်ကုန်းမြေ အောက်ခြေ ပင်လယ်ရေလှိုင်းတိုက်စားမှုမှ ကာကွယ်ရန် ကမ်းထိန်းနံရံ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် မြတ်မော်တင်စေတီတော် ရင်ပြင်တိုးချဲ့ဆောင်ရွက်ခြင်းနှင့် ဘက်စုံပြုပြင် မွမ်းမံခြင်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြမှုနှင့် တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့ကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆံတော်ရှင် မြတ်မော်တင်စေတီတော် မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ မြတ်မော်တင်ကျောင်းတိုက်ဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်း ဆက်ကပ်လှူဒါန်းခဲ့ပြီး စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ သာသနိက အဆောက်အဦများ တည်ဆောက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုခဲ့‌ကြောင်း သိရှိရသည်။

04-Nov-2026