ငဝန်တာနိမ့်ကျပြီး ရေကျော်စီးဝင်မှုကြောင့် ရေလွှမ်းထိခိုက် ပျက်စီးခဲ့သည့် စိုက်ပျိုးမြေများတွင် ပဲမျိုးစုံပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် ဒီဇယ်ဆီနှင့် မျိုးစေ့များ အခမဲ့ ထောက်ပံ့ပေးအပ်
ပုသိမ် နိုဝင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားကာ ရေကျော် စီးဝင်၍ ရေလွှမ်းထိခိုက်ပျက်စီးခဲ့သည့် စိုက်ပျိုးမြေများတွင် ပဲမျိုးစုံပြန်လည်စိုက်ပျိုးနိုင်ရန် အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဒီဇယ်ဆီနှင့်မျိုးစေ့များ အခမဲ့ထောက်ပံ့ပေးအပ်နေမှုများကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူ များနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ဆီဆုံကုန်း ကျေးရွာအုပ်စုအတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် လယ်မြေများတွင် မတ်ပဲပြန်လည်စိုက်ပျိုးမည့် တောင်သူများအား တစ်ဧကလျှင် ဒီဇယ်ဆီ(၂.၅)ဂါလံနှုန်းဖြင့် ဒီဇယ်ဆီများ အခမဲ့ပံ့ပိုးပေးနေမှု များကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် လယ်မြေများတွင် စိုက်ပျိုးရေးလုပ်ငန်းများ အမြန်ဆုံးပြန်လည်စတင်နိုင်ရေးအတွက် တောင်သူများ လိုအပ်သည့် စက်ယန္တရားများ၊ စိုက်ပျိုးရေးသွင်းအားစုများနှင့် စက်သုံးဆီများကို အချိန်မီ ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ မတ်ပဲ ပြန်လည်စိုက်ပျိုးရာတွင် သတ်မှတ်စိုက်ပျိုးချိန်အတွင်း အောင်မြင်စွာစိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေးနှင့် ပိုးမွှားအန္တရာယ် မကျရောက်စေရေးတို့ကို သက်ဆိုင်ရာဌာနများက နည်းပညာအကူအညီများ ပံ့ပိုးဆောင်ရွက်ပေးရန်နှင့် တောင်သူများအနေဖြင့်လည်း နိုင်ငံတော်မှပံ့ပိုးပေးသည့် အထောက်အပံ့များကို ထိရောက်စွာအသုံးချကာ သီးနှံအထွက်နှုန်းကောင်းမွန်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊ ဆီဆုံကုန်း ကျေးရွာအုပ်စုအတွင်း ရေကြီးနစ်မြုပ်သည့်လယ်မြေများအတွက် မတ်ပဲမျိုးများ ထောက်ပံ့ပေးအပ်ခဲ့ပြီး မတ်ပဲသီးနှံစိုက်ပျိုးရန်အတွက် မြေပြင်ထွန်ယက်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။