ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် A Logistics Co., Ltd. က ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည့် အစည်းအဝေးသို့တက်ရောက်

ပုသိမ် နိုဝင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် အစည်းအဝေးခန်းမ(၁)တွင် A Logistics Co., Ltd. က ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည့် အစည်းအဝေးသို့တက်ရောက်ခဲ့ပြီး ကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ ရေကြောင်းလုပ်ငန်းနှင့် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ လုပ်ငန်းသုံးမော်တော်ယာဉ်များ တင်သွင်းနိုင်ရေးအတွက် သွင်းကုန် လိုင်စင် လျှောက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ အထွေထွေဆွေးနွေး တင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းသည် ဒေသတွင်း ကုန်စည်စီးဆင်းမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့်လုပ်ငန်းတစ်ရပ် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း အခြေပြု၍ လာရောက်လုပ်ကိုင်ဆောင်ရွက်ခြင်းကို ကြိုဆိုပါကြောင်း၊ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးနှင့် လုပ်ငန်းခွင်ကျွမ်းကျင်မှုများ တိုးတက်လာစေရေးတို့ကို အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။

02-Nov-2026