ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ (၂၀၂၅-၂၀၃၀) ပထမအကြိမ် အသင်းသားစုံညီ နှစ်ပတ်လည်အစည်းအဝေးကျင်းပ
ပုသိမ် နိုဝင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ (၂၀၂၅-၂၀၃၀) ပထမအကြိမ် အသင်းသားစုံညီ နှစ်ပတ်လည်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ Gandamar Ballroom တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။
ဦးစွာ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေး၊ ဆန်စပါး၊ ရေထွက်ကုန်၊ မွေးမြူရေး၊ ဆားလုပ်ငန်း၊ စိုက်ပျိုးရေးအခြေပြု စက်မှုလုပ်ငန်း၊ အစား အစာထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်း စသည့်ကဏ္ဍများစွာတွင် အလားအလာ ကောင်းများရှိသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ မိမိတို့၏ အဓိကတာဝန်မှာ ရှိပြီးသား သဘာဝအရင်းအမြစ်နှင့် ကုန်ကြမ်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲပြီး ဈေးကွက် ပိုမိုကျယ်ပြန့်လာအောင် ဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း၊ ဧရာဝတီ တိုင်းဒေသကြီး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးသည် အစိုးရတစ်ဖွဲ့တည်း၏ တာဝန်မဟုတ်ဘဲ အစိုးရ၊ ပုဂ္ဂလိက ကဏ္ဍ၊ အသင်းအဖွဲ့များ၊ တက္ကသိုလ်များ၊ လူငယ်များနှင့် ပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက် မှသာ ရေရှည်တည်တံ့သည့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ARCCI အနေဖြင့်အစိုးရနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ပြီး စီးပွားရေးလုပ်ငန်းရှင် များ၏ အသံကို အစိုးရဆီသို့ ရောက်ရှိအောင် တင်ပြပေးနိုင်သလို အစိုးရ၏ မူဝါဒနှင့် လမ်းညွှန်ချက် များကိုလည်း စီးပွားရေးလုပ်ငန်းရှင်များဆီ ထိထိရောက်ရောက် ပြန်လည်ချိတ်ဆက်ပေးနိုင်သည့် အဖွဲ့အစည်းတစ်ခုအဖြစ် ဆက်လက်ရပ်တည်စေလိုကြောင်း” ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (ARCCI) ဥက္ကဋ္ဌတို့က ဂုဏ်ပြုစကားများ ပြောကြားပြီး အသင်း၏ ဆောင်ရွက်ချက်မှတ်တမ်းဗီဒီယိုကို ပြသခဲ့သည်။ ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ARCCI) အထွေထွေ အတွင်းရေးမှူးက ဘဏ္ဍာရေးရှင်းတမ်းနှင့် အသင်းအဖွဲ့စည်းမျဉ်းအား ဖတ်ကြား အတည်ပြုပြီး ၂၀၂၇ ခုနှစ်အတွင်း ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ARCCI)နှင့် ကရင်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(KSCCI) တို့သည် စက်မှုလက်မှုလုပ်ငန်းများအတွက် နားလည်မှုစာချွန်လွှာ(MOU) လက်မှတ်ရေးထိုးခဲ့ ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများထံသို့ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။