ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် (၂၇) ကြိမ်မြောက်မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းနှင့် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်
ပုသိမ် အောက်တိုဘာ ၃၁
(၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းနှင့် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ဆုများချီးမြှင့်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲကို ဦးတည်ချက်ကောင်းများဖြင့် စည်ကားသိုက်မြိုက်စွာ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါကြောင်း၊ ဗဟိုအဆင့်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များ၏ ကြိုးစားအားထုတ်မှု၊ ဇွဲလုံ့လနှင့်အရည်အချင်းတို့ကြောင့် ဧရာဝတီတိုင်းဒေသကြီးဂုဏ်ကို ဆောင်နိုင်ခဲ့သည့်အတွက် ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း၊ အဆို၊ အက၊ အရေး၊ အတီး ပညာရပ်များသည် မြန်မာ့အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များဖြစ်ပြီး မျိုးဆက်တစ်ဆက်မှ တစ်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ရမည့် အဖိုးတန်ရတနာ များဖြစ်ပါကြောင်း၊ ဆုရရှိခြင်းသည် မိမိတို့၏ ပင်ကိုယ်အရည်အချင်းများသာမက ဆရာ၊ ဆရာမများ၏ သင်ကြားပို့ချမှု၊ မိဘများ၏ ပံ့ပိုးပေးမှုနှင့် တာဝန်ရှိသူများ၏ အနီးကပ် ကြီးကြပ်မှုတို့၏ ပေါင်းစပ်အောင်မြင်မှုဖြစ်ပါကြောင်း၊ ယခုနှစ်ရရှိခဲ့တဲ့ အတွေ့အကြုံများအပေါ် အခြေခံပြီး နောင်လာမည့်နှစ် ပြိုင်ပွဲများတွင်လည်း ယခုထက်ပို၍ အောင်မြင်မှုများ တိုးတက်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း” ပြောကြားသည်။
ထို့နောက် အဆင့်မြင့်ပညာအဆင့်(အမျိုးသား) နှဲပြိုင်ပွဲတွင် ပထမဆု (ရွှေတံဆိပ်)နှင့် အဆင့်မြင့်ပညာအဆင့်(အမျိုးသား)၊ ပုလွေပြိုင်ပွဲတွင် ပထမဆု (ရွှေတံဆိပ်)၊ အခြေခံပညာ(၁၅-၂၀) အဆင့် (အမျိုးသမီး)၊ စောင်းပြိုင်ပွဲတွင် ပထမဆု (ရွှေတံဆိပ်)၊ အခြေခံပညာ (၁၅-၂၀) အဆင့် (အမျိုးသား)၊ တယောပြိုင်ပွဲတွင် ပထမဆု (ရွှေတံဆိပ်)ရရှိသူများ၊ ပြိုင်ပွဲဝင်များနှင့် အုပ်ချုပ်၊ ပံ့ပိုး၊ နည်းပြများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ အခြေခံပညာ(၁၅-၂၀) အဆင့် (အမျိုးသမီး)၊ ပုလွေပြိုင်ပွဲတွင် ပထမဆု (ရွှေတံဆိပ်)၊ ဝါသနာရှင်(ပထမတန်း) (အမျိုးသား)၊ စန္ဒရားပြိုင်ပွဲတွင် ပထမဆု (ရွှေတံဆိပ်)၊ အဆင့်မြင့်ပညာအဆင့် (အမျိုးသမီး)၊ စောင်းပြိုင်ပွဲတွင် ပထမဆု (ရွှေတံဆိပ်) နှင့် အဆင့်မြင့်ပညာအဆင့် (အမျိုးသမီး)၊ ဂီတာ ပြိုင်ပွဲတွင် ဒုတိယဆု (ငွေတံဆိပ်)ရရှိသူများနှင့် ကျေးလက်ယိမ်းအဖွဲ့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း ဆုများချီးမြှင့်ခဲ့ပြီးနောက် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲတွင် ဆုရရှိသူများကို တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးတို့က ဆုများ ဆက်လက်ချီးမြှင့်ခဲ့ကြပြီး ဆုရရှိသည့် ပြိုင်ပွဲဝင်များ၏ ပြန်လည်ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် (၂၇) ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲသို့ အဆိုပြိုင်ပွဲဝင်(၂၄)ဦး၊ အကပြိုင်ပွဲဝင် (၉၃)ဦး၊ အရေး ပြိုင်ပွဲဝင်(၄)ဦး၊ အတီးပြိုင်ပွဲဝင်(၁၀၇)ဦး၊ လူဦးရေအားဖြင့် စုစုပေါင်း (၁၈၉)ဦး ပါဝင် ယှဉ်ပြိုင် ခဲ့ရာ ရွှေ(၇)ဆု၊ ငွေ(၁၂)ဆု၊ ကြေး(၁၀)ဆု၊ စုစုပေါင်း (၂၉)ဆု ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။