ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား ဆွမ်းဆန်တော်နှင့်လှူဘွယ်ဝတ္ထုများလှူဒါန်း

ပုသိမ် အောက်တိုဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ က ကြီးမှူးပြုလုပ်သည့် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား ဝါလကင်းလွတ် သီတင်းကျွတ် အခါသမယ အထိမ်းအမှတ်အဖြစ် ဆွမ်းဆန်တော်နှင့် လှူဘွယ်ဝတ္ထုများ လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက လှူဒါန်းခဲ့ကြသည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်သက်သက်ဆွေ၊ ဥက္ကဌ နှင့်အဖွဲ့ဝင်များသည် ပုသိမ်မြို့ အမှတ်(၈) ရပ်ကွက်ရှိ မဟာမြိုင် ဘုန်းတော်ကြီးကျောင်းနှင့် အမှတ်(၅)ရပ်ကွက်ရှိ ဓာတုဝိဇ္ဇာကျောင်းတိုက်များသို့သွားရောက်၍ ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ကျောင်းရှိသံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် လှူဘွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ နာယကနှင့်အဖွဲ့ဝင်များသည် အမှတ်(၃) ရပ်ကွက်ရှိ ဇေတဝန် (ပရဟိတ) ကျောင်းတိုက်သို့ သွားရောက်ပြီး ဆရာတော်ထံသို့ ကျောင်းရှိသံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် လှူဘွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အဆိုပါကျောင်းတိုက်တွင် နေထိုင် ပညာသင်ကြား နေကြသော ကျောင်းသား (၅၅)ဦးတို့အားတူညီဝတ်စုံ တီရှပ်များကို ပေးအပ်လှူဒါန်းခဲ့ကြသည်။ ထိုသို့လှူဒါန်းရာတွင် လှူဒါန်းမှုစုစုပေါင်းတန်ဖိုးမှာ ကျပ် ၃၅ သိန်းဖြစ်ကြောင်းသိရှိရသည်။

30-Oct-2026