ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတွင် ဝါဆို-ဝါကပ် တော်မူကြသော ဆရာတော် သံဃာတော်အရှင်သူမြတ်တို့၏ မဟာပဝါရဏာပြုပွဲ အခမ်းအနား ကျင်းပ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ သိမ်ဆင်းလောင်းလှူ

ပုသိမ် အောက်တိုဘာ ၂၆

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၌ ဝါဆို-ဝါကပ်တော်မူကြသော ကျောင်းအုပ် ဆရာတော်၊ ကထိကဆရာတော်များနှင့် စာသင်သား သံဃာတော်များ၏ မဟာပဝါရဏာပြုပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ သာသနာ့ဗိမာန်၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး သည် တာဝန်ရှိသူများနှင့်အတူတက်ရောက်၍ သိမ်ဆင်းလောင်းလှူပူဇော်ခဲ့ကြသည်။

ဦးစွာ သံဃာတော်အရှင်သူမြတ်များက ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း သိမ်တော် အတွင်း မဟာပဝါရဏာပြုပွဲ ဆင်ယင်ကျင်းပတော်မူကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် ဘုရားအမှူးပြုသော သံဃာတော်အရှင်သူမြတ်များအား သိမ်ဆင်းလောင်းလှူပူဇော်ခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတွင် ဝါဆို-ဝါကပ်တော်မူကြသော ကျောင်းအုပ်ဆရာတော်၊ ကထိကဆရာတော်များနှင့် စာသင်သား သံဃာတော်များ၏ မဟာပဝါရဏာပြုပွဲ အခမ်းအနားကို နှစ်စဉ် သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပခဲ့ရာ ယနေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးနှိုးဆော်၍ တိုင်းဒေသကြီး လွှတ်တော်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ပုသိမ်လေတပ်စခန်းဌာနချုပ်နှင့် ဌာနဆိုင်ရာ စေတနာရှင်အလှူရှင်များက သံဃာတော်အရှင်သူမြတ်(၆၇)ပါးအား သိမ်ဆင်းလောင်းလှူပူဇော် ခဲ့ကြကြောင်း သိရှိရပါသည်။

26-Feb-2027