ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဟင်္သာတမြို့ မင်းရဲကျော်စွာလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနား တက်ရောက်
ပုသိမ် အောက်တိုဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ အေးမြသာယာရပ်ကွက်မင်းရဲကျော်စွာလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်းသစ်၏ မုခ်ဦးရှေ့တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ ဟင်္သာတခရိုင်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက လမ်းနှင့်ပတ်သက်သည်များကို ရှင်းလင်းတင်ပြပြီးနောက် မင်းရဲကျော်စွာလမ်း ကွန်ကရစ်လမ်းသစ်ကို တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် ဟင်္သာတခရိုင်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့က ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များကို ဆုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ အဆိုပါလမ်းသည် ၂၀၂၆- ၂ဝ၂၇ ခုဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဟင်္သာတမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ပြီးစီးခဲ့သောလမ်းဖြစ်ပြီး အရှည် ၁၄၅၅ ပေ၊ အကျယ် ၁၈ ပေနှင့် ထု ၈ လက်မရှိပြီး လမ်း၏ အဝင် Box Culvert ကိုလည်း ဘေးတစ်ဖက်လျှင် ၅ ပေစီ တိုးချဲ့ ပြန်လည်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။