ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ (၂/၂၀၂၆) အစည်းအဝေးတက်ရောက်
ပုသိမ် အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၆)အစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ရာ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ ရင်းနှီးမြှုပ်နှံမှု ကော်မတီဝင် ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ကော်မတီဝင်များအနေဖြင့် အစည်းအဝေးတွင် တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ လိုအပ်ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပေးရန် လိုပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီတို့ကလည်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ တိုးတက်မှုအခြေအနေများကို ကြီးကြပ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော်ကချမှတ်ထားသည့် စီးပွားရေးမူဝါဒနှင့်အညီ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကိုဖိတ်ခေါ်ဆောင်ရွက်လျက်ရှိရာ မိမိတို့၏တိုင်းအတွင်သို့ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများ နောက်ထပ်များစွာ ဝင်ရောက်၍ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်မှုမှ တစ်ဆင့် နိုင်ငံ၏စီးပွားရေးအတွက် အထောက်အပံ့ကောင်းဖြစ်နိုင်မည်ဖြစ်ပါကြောင်း ” ပြောကြားသည်။
ထို့နောက် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု၊ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ရာခိုင်နှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့ဖြင့် အုန်းချိုမွှေးစိုက်ပျိုးထုတ်လုပ် ရောင်းချခြင်း၊ ပီလောပီနံမှုန့်ထုတ်လုပ်တင်ပို့ရောင်းချခြင်း၊ ပဲအမျိုးမျိုးကြိတ်ခွဲသန့်စင်ထုတ်လုပ်တင်ပို့ ရောင်းချ ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခွင့်ပြုပါရန် အတည်ပြုလျှောက်ထားလွှာတင်ပြခြင်း ကိစ္စရပ် များကိုလည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုပမာဏတိုးမြှင့်ခြင်းနှင့်ရင်းနှီးမြှုပ်နှံသည့်အရပ်ဒေသ တိုးချဲ့ ခွင့်ပြုပါရန်တင်ပြခြင်းကိစ္စ၊ တည်ဆောက်ရေးကာလတိုးမြှင့်ခွင့်ပြုပါရန် တင်ပြခြင်းကိစ္စ၊ ရင်းနှီး မြှုပ်နှံမှုထည့်ဝင်မှုပုံစံပြင်ဆင်ခွင့်ပြုပါရန် တင်ပြခြင်းကိစ္စရပ်များနှင့် အစုရှယ်ယာ ပြောင်းလဲခွင့်ပြုပါရန် တင်ပြခြင်းကိစ္စရပ်များလည်းကောင်း ကုမ္ပဏီမှတာဝန်ရှိသူများနှင့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူးတို့က ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။