ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁၃)နှင့် ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာသင်တန်း အမှတ်စဉ်(၁၃) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
ပုသိမ် အောက်တိုဘာ ၁၉
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ပုသိမ်)၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ် သင်တန်း အမှတ်စဉ်(၁၃)နှင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းအမှတ်စဉ်(၁၃) သင်တန်းဖွင့်ပွဲ အခမ်း အနား ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန် ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ နိုင်ငံတော်အစိုးရအနေဖြင့် ဘက်စုံပညာရေး ကဏ္ဍများကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသလို ကုန်ထုတ်လုပ်မှုအထောက်အကူပြု အသက်မွေးဝမ်းကျောင်း ပညာရေးကဏ္ဍ တိုးတက်မြင့်မားရေးအတွက်လည်း အခုလို အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများဖွင့်လှစ်ပြီး အမျိုးသမီးငယ်များအတွက် အိမ်တွင်းမှု သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ တက်ရောက် လာကြတဲ့ သင်တန်းသား၊ သင်တန်းသူများနေဖြင့် အချိန်ကိုတန်ဖိုးရှိစွာအသုံးချပြီး ကျွမ်းကျင် တတ်မြောက်အောင် လေ့လာဆည်းပူးသင်ယူမှတ်သားကြရန်၊ သင်တန်းစည်းကမ်းလိုက်နာ ကြရန်၊ သင်တန်းပြီးဆုံးသည်အထိ တက်ရောက်ကြရန်နှင့် သင်ခန်းစာတွေကို ကျွမ်းကျင် တတ်မြောက်အောင် ကြိုးပမ်းသင်ယူကြပြီး တတ်မြောက်ထားသည့် ပညာရပ်များဖြင့် မိမိတို့ ရပ်ရွာ/ မြို့နယ်/ ဒေသကို ပြန်ရောက်ကြသည့်အခါ ဒေသဖွံ့ဖြိုးတိုးတက်အောင် တတ်နိုင်သမျှ လုပ်ဆောင်ကြရန်”ပြောကြားပြီး သင်တန်းကျောင်းအတွက် ချီးမြှင့်ငွေပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သင်တန်းသားသင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပြီး ခင်းကျင်းပြသထားသော သင်တန်းသုံးသင်ထောက်ကူပစ္စည်းများ အား ကြည့်ရှုစစ်ဆေးခဲ့သည်။