ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် (၂၇)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ဗဟို အဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးအသင်းအား အောင်နိုင်ရေးအလံပေးအပ်
ပုသိမ် အောက်တိုဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)တွင်ပြုလုပ်သည့် (၂၇)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က "(၂၇)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် စနစ်တကျ လေ့ကျင့်ပြီး ဖြစ်ပါကြောင်း၊ နည်းပြများနှင့် အုပ်ချုပ်သူများသည် အတွေ့အကြုံ ရင့်ကျက်သည့် ပညာရှင်များ ဖြစ်သဖြင့် အကောင်းဆုံး ယှဉ်ပြိုင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်ကြရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန် အတွက် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ အုပ်ချုပ်၊ နည်းပြများအနေဖြင့် ပြိုင်ပွဲဝင်များ သွားလာနေထိုင်မှုများနှင့် စည်းကမ်းတကျဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန်လိုပါကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် ဆုတံဆိပ်များစွာရရှိ၍ တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်သူများဖြစ်အောင် ကြိုးစားယှဉ်ပြိုင်သွားကြစေလိုကြောင်း” ပြောကြားသည်။
ဆက်လက်၍ တာဝန်ရှိသူများက ယခင်နှစ်ယှဉ်ပြိုင်ရာတွင် တွေ့ကြုံရသည့်အားသာချက်၊ အားနည်းချက်များကို ရှင်းလင်းတင်ပြပြီးနောက် တိုင်ဒေသကြီးဝန်ကြီးချုပ်က (၂၇)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး အသင်းအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။