သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးသည် ကွင်းကောက်ပျိုးဥယျာဉ်ရှိ ပျိုးပင်များ ပျိုးထောင်ထားရှိမှုနှင့် စိုက်ခင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ပုသိမ် အောက်တိုဘာ ၁၅

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်မေသန်းဦးသည် တိုင်းဒေသကြီးသစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ဟင်္သာတခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးတို့နှင့်အတူ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်ရှိ ကွင်းကောက်ပျိုးဥယျာဉ်သို့ သွားရောက်ကာ ပျိုးပင်များ ပျိုးထောင်ထားရှိမှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကွင်းဆင်းစစ်ဆေးရာတွင် ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ပျိုးထောင်ထားရှိသည့် အထူးပျိုးပင် ၂၅,၀၀၀ ပင်၊ ၂၀၂၇ ခုနှစ် မိုးရာသီတွင် လူထုသို့ ဖြန့်ဝေပေးရန်အတွက် ပျိုးပင် ၂၀,၆၅၀ ပင် ပျိုးထောင်နိုင်ရေး ပျိုးအိတ်မြေသွပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ၂၀၂၇ ခုနှစ် မိုးရာသီတွင် တည်ထောင်မည့် စီးပွားရေးကျွန်းစိုက်ခင်း ၃၇၅ ဧကအတွက် ကျွန်းငုတ်တက်ပျိုးထောင်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ထို့နောက် ဝန်ကြီး ဒေါ်မေသန်းဦးက သစ်တောစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းရေးနှင့် ပျိုးပင်များ အရည်အသွေးကောင်းမွန်စွာ ရှင်သန်ကြီးထွားနိုင်ရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

15-Oct-2026