မမြရေလှောင်တမံမြေသားတာဘောင်နိမ့်ကျမှု့ကြောင့် ရေဝင်ရောက်နိုင်သည့်အတွက် ကြိုတင်ရွှေ့ပြောင်းရသည့် ပြည်သူများအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်

ပုသိမ် အောက်တိုဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည်မြန်အောင်မြို့နယ်၊ ဆီခြံကုန်းကျေးရွာတွင် ပြုလုပ်သည့် မမြရေလှောင်တမံမြေသားတာဘောင်နိမ့်ကျမှု့ကြောင့် ရေဝင်ရောက်နိုင်သည့်အတွက် ကြိုတင်ရွှေ့ပြောင်းရသည့်ပြည်သူများအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှဆန်ရိက္ခာများ ထောက်ပံ့ ပေးအပ်ခြင်းအခမ်းအနားသို့တက်ရောက်ခဲ့ပြီး “ မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ မြေသား တာဘောင် နိမ့်ကျမှု့ကြောင့် တမံ၏အရေးပေါ်ရေပိုလွှဲမှ ရေထုတ်လွှတ်လျက်ရှိပြီး ၎င်းရေများသည် ရေဝါချောင်းမှတစ်ဆင့် မမြချောင်း၊ မမြချောင်းမှတစ်ဆင့် ငဝန်မြစ်အတွင်းသို့ စီးဆင်းသွားမည် ဖြစ်ပါကြောင်း၊ လတ်တလော ထိခိုက်ပျက်စီးမှုမရှိသော်လည်း ပြည်သူများအား ဘေးအန္တရာယ်ထိခိုက်မှု မရှိစေရေးအတွက် ရေလွတ်ရာကုန်းမြင့်များသို့ကြိုတင် စီမံရွှေ့ပြောင်းပေးခြင်းဖြစ်ပါကြောင်း၊ တမံတာ အခြေထောက်ခြင်း လုပ်ငန်းများကိုလည်း စက်ယန္တရားများ၊ မြေသယ်ယာဉ်များ၊ လူအင်အားများဖြင့် ဆောင်ရွက်လျက်ရှိရာ တာဝန်ရှိသူများကလည်း အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နေထိုင်စားသောက်ရေးအတွက်လည်း လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ပါ ကြောင်း” အားပေးပြောကြားပြီး မြန်အောင်မြို့နယ်၊ မျှင်ဝါးတောင်ကျေးရွာ၊ ဝင်္ကပါကျေးရွာ၊ ညောင်ခုံကျေးရွာတို့မှ ကြိုတင်ရွှေ့ပြောင်းရသည့် ပြည်သူများကို ဆန်၊ ဆီနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေဝင်ရောက်နိုင်သည့်အတွက် ကြိုတင်ရွှေ့ပြောင်းရသည့် မျှင်ဝါးတောင်ကျေးရွာမှ ပြည်သူများကို သွားရောက်တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပြီး ဆန်၊ ဆီနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။ အဆိုပါ မမြရေလှောင်တမံရှိ တမံအောက်ပိုင်း အိလျောကျမှု ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများနှင့် တမံရေအမြန်ဆုံးလျှော့ချနိုင်ရေးလုပ်ငန်းများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ ကျွမ်းကျင်ပညာရှင်များ၊ စက်ယန္တရားများ၊ လူအင်အားများဖြင့် အင်တိုက် အားတိုက် ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

13-Oct-2026