ဖွားဖွားမြ ကျန်းမာရေးတိုးတက်ကောင်းမွန်လာခြင်း

(၁၀.၁၀.၂၀၂၆) ရက်နေ့နံနက်တွင် ကျန်းမာရေးရုတ်တရက်ချို့ယွင်းသွားသော ဖွားဖွားမြအား တာဝန်ရှိသူများ၏ အနီးကပ်ကြီးကြပ်ကုသမှုကြောင့်ကျန်းမာရေး တစ်ဆထက်တစ်ဆ တိုးတက်ကောင်းမွန်လာနေပြီဖြစ်ပါသည်။ ဖွားဖွားမြ၏ မူလနိမ့်မြင့်မှတ် ရေအမှတ် ၃၁၅ ပေ မှ ယနေ့တွင် တမံရေမှတ်လျော့ကျမှုမှာ ၃၁၀.၃ ပေသို့ စုစုပေါင်း ၄.၇ပေ တမံရေလျော့ကျ အောင်ဆောင်ရွက်နိုင်ခဲ့ပါသည်။

ဖွားဖွားမြတမံ ရေအမြန်ဆုံးလျှော့ချနိုင်ရေးအတွက် တမံရေထုတ် ပြွန်မှ ၄၀၀ ကုဗပေ/စက္ကန့် ရေလျှော့ချ နေသကဲ့သို့ အရေးပေါ်ရေပိုလွှဲအား မူလနိမ့်မြင့်မှတ် ရေအမှတ် ၃၂၀ ပေ မှ ယနေ့တွင် ၃၀၅ ပေသို့ မြေတူးစက် (၂) စီးဖြင့် ဆက်လက်နှိမ့်ချ၍ ၅၀၀ ကုဗပေ/စက္ကန့် ထပ်မံလျှော့ချလျက်ရှိသဖြင့် စုစုပေါင်း ၉၀၀ ကုဗပေ/စက္ကန့် ရေလျှော့ချဆောင်ရွက်လျက်ရှိပါသည်။ ၎င်းအပြင် တမံအောက်ပိုင်းအိလျောကျမှုအား ကာကွယ်ထိန်းသိမ်းနိုင်ရန်အတွက် တမံအောက်ခြေ ဆင်ခြေလျော၏ အပြင်ဘက်မှမြေသားတမံပုံစံ တမံအောက်ခြေ ထောက်ခြင်းအား မြေတူးစက် (၄) စီး၊ မြေထိုးစက် (၃) စီး၊ မြေသယ်ယာဉ် (၇) စီးတို့ဖြင့် ဆောင်ရွက်နေသကဲ့သို့ မြေသားတမံပုံစံ၏ နောက်ဘက်တွင် ရေစစ်ကျောက်ရိုး (Rock Toe) ကို အလျား ၅၅၀ ပေ၊ အောက်ခြေပျမ်းမျှအကျယ် ၂၆ ပေ၊ ထိပ်ဝအကျယ် ၆ ပေ၊ ပျမ်းမျှအမြင့် ၁၀ ပေ ထည့်သွင်း တည်ဆောက်ရန်အတွက် တည်ဆောက်ရေးလုပ်ငန်းများအား စက်အင်အား၊ လူအင်အားများဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

ဖွားဖွားမြရေလှောင်တမံ မြေသားတာဘောင်နိမ့်ကျမှုကြောင့် ပြည်သူများဘေးအန္တရာယ်ထိခိုက်မှု မရှိစေရေး အတွက် တမံအောက်ပိုင်းအိလျောကျမှု ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများနှင့် တမံရေ အမြန်ဆုံး လျှော့ချနိုင်ရေးလုပ်ငန်းများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်၍ ကျွမ်းကျင်ပညာ ရှင်များ၊ စက်ယန္တရားများ၊ လူအင်အားများဖြင့် အင်တိုက်အားတိုက် အနီးကပ် ပြုစုကုသပေးလျှက်ရှိနေပါသောကြောင့် ဖွားဖွားမြ၏ကျန်းမာရေး အထူးတိုးတက်ကောင်းမွန်လာနေပြီဖြစ်ပါကြောင်း မိဘပြည်သူများအားအသိပေးအပ်ပါသည်။

13-Oct-2026