အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အခမ်းအနား ပုသိမ်မြို့၌ကျင်းပ
ပုသိမ် အောက်တိုဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပုသိမ်မြို့ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည်။ ဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်က အမှာစကား ပြောကြားရာတွင်အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို နှစ်စဉ် အောက်တိုဘာ ၁၃ ရက်နေ့ကိုအတည်ပြုသတ်မှတ်ခဲ့ပြီး နိုင်ငံတကာနည်းတူ ဧရာဝတီတိုင်းဒေသကြီးတွင်လည်း ၂၀၁၃ခုနှစ်က စတင်ကျင်းပပြုလုပ်ခဲ့ပြီး ယခုအကြိမ်သည် ၁၂ ကြိမ်မြောက် ကျင်းပခြင်း ဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးသည် သဘာဝဘေး (၂၁၄)ကြိမ် ကြုံတွေ့ခဲ့ရပြီး ၎င်းတို့အနက် ငဝန်တာထူးပေါက်၍ ရေကျော်စီးဝင်ခြင်းကြောင့် ဖြစ်ပေါ်သည့် သဘာဝဘေးဒဏ်ကို အပြင်းအထန်ခံစားခဲ့ရကြောင်း၊ သို့သော်အရေးပေါ်တုံ့ပြန်မှုကို ဆောလျင်စွာဆောင်ရွက်နိုင်ခြင်းကြောင့် လူနှင့် တိရိစ္ဆာန် ဆုံးရှုံးမှုမရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အစိုးရနှင့် ပြည်သူ လက်တွဲညီညီ ဖြင့် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ယခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် “ Resilience Starts at Home” ဘေးဒဏ် ကြံ့ကြံ့ခံနိုင်ဖို့ နေအိမ်များမှစတင်စို့ ဟူသည့်ဆောင်ပုဒ်အတိုင်း မိမိနိုင်ငံ မိမိတိုင်းဒေသကြီးကို ဘေးအန္တရာယ် များကြံ့ကြံ့ခံနိုင်စေရေးအတွက်တစ်ဦးတစ်ယောက်ခြင်းမှ ကိုယ်တိုင်အသိသတိဖြင့် လျော့ပါးသက်သာအောင် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းပြောကြားခဲ့သည်။
ဆက်လက်၌ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်မှ ပေးပို့သည့်သဝဏ်လွှာ Video Message ကိုပြသခဲ့သည်။ ထို့နောက် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ပထမ၊ ဒုတိယ ၊တတိယဆုရရှိသူများကို ဧရာဝတီတိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်သက်သက်ဆွေ နှင့် တရားသူကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လူမှူရေးရာဝန်ကြီးတို့က ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြကြောင်း သိရှိရသည်။