လေးမျက်နှာမြို့နယ်၊ ငဝန်တာအိကျသည့်နေရာ တစ်ဘက်ကမ်းရှိသောင်ခုံအား ရှင်းလင်းဖယ်ရှားခြင်း သောင်တူးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ပုသိမ် အောက်တိုဘာ ၁၃

လေးမျက်နှာမြို့နယ်၊ ငဝန်တာအိကျသည့်နေရာတွင် နောက်နှစ်များ၌ အလားတူ တာအိကျခြင်းနှင့် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာဌာနများက မြစ်ကြောင်းများကောင်းမွန်ရေး သောင်တူးခြင်းလုပ်ငန်းများ၊ ကမ်းထိန်းလုပ်ငန်းများနှင့် ငဝန်တာ တာမိုင် ၂၅/၃ အား အခိုင်အမာ ပြန်လည် တည်ဆောက်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငဝန်တာအိကျသည့်နေရာ တစ်ဘက်ကမ်းရှိ သောင်ခုံအား ရှင်းလင်းဖယ်ရှားခြင်း သောင်တူးလုပ်ငန်းကို ကြည့်ရှုစစ်ဆေးခဲ့ရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတာဝန်ရှိသူများက သောင်တူး၍သဲဖို့ခြင်းလုပ်ငန်း အလျား ၁၆၀၀မီတာ၊ အကျယ် ၇၀ မီတာ အား သောင်တူးယာဉ်များဖြင့် တူးဖော်နေမှုနှင့် တူးစာစွန့်ပစ်မည့် နေရာများ၊ ဘိုးပိုင်အခြပြု ကျောက်ပြားကပ်တမံကမ်းထိန်းလုပ်ငန်း အလျား၁၀၀၀မီတာ ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် တင်ပြဆောင်ရွက်ထားရှိမှုအခြေအနေများအားလည်းကောင်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနတာဝန်ရှိသူများက လေးမျက်နှာမြို့နယ်၊ ငဝန်တာ တာမိုင် ၂၅/၃ အား အခိုင်အမာပြန်လည် တည်ဆောက်ခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ရန် အတွက်မြေပြင်တိုင်းတာ ခြင်းလုပ်ငန်း၊ ဘူမိဗေဒစူးစမ်းလေ့လာခြင်းလုပ်ငန်း တာအူကြောင်းရွေးချယ်ခြင်းလုပ်ငန်း၊ တာဖို့ရာတွင် အသုံးပြုမည့် မြေကောင်းရရှိမည့်နေရာ (Borrow Area) ရှာဖွေရွေးချယ်ခြင်း၊ စူးစမ်းလေ့လာ၍ ရရှိလာသော အချက်အလက်များကိုမူတည်၍ ဒီဇိုင်းပုံစံများ တွက်ချက်ရေးဆွဲခြင်းများ လုပ်ဆောင်သွားမည့် အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။

13-Oct-2026