အယ်လ်နီညိုကြောင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်အတွင်း ပုသိမ်မြို့ပေါ်ရှိ ဈေးများမီးဘေးအန္တရာယ်မဖြစ်စေရေး ကြိုတင်စီမံဆောင်ရွက်

ပုသိမ် အောက်တိုဘာ ၈

အယ်လ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုကြောင့် ရာသီဥတုပြောင်းလဲမှုများနှင့်အတူ အပူချိန်မြင့်တက်ခြင်း၊ ရာသီဥတုပူပြင်းခြောက်သွေ့ခြင်းများ ဖြစ်ပေါ်လာနိုင်သည့်ကာလအတွင်း မီးဘေးအန္တရာယ်များ မဖြစ်ပွားစေရေးအတွက် အပူချိန်လျော့ချရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့ညနေပိုင်းက ပုသိမ်မြို့ပေါ်ရှိ ဈေးများတွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး၍ ကြိုတင်စီမံဆောင်ရွက်ခဲ့ကြသည်။

အယ်လ်နီညိုဖြစ်စဉ်နှင့် ဆက်စပ်၍ အပူချိန်မြင့်တက်မှုများ ဖြစ်ပေါ်လာပါက လျှပ်စစ်ဓာတ်အားသုံးစွဲမှု မြင့်တက်လာနိုင်ခြင်း၊ လျှပ်စစ်ဝါယာကြိုးနှင့် လျှပ်စစ်ပစ္စည်းများ အပူလွန်ကဲမှုကြောင့် မီးဘေးအန္တရာယ် ဖြစ်ပွားနိုင်ခြင်းတို့ရှိသဖြင့် လူစည်ကားရာ ဈေးများတွင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပိုမိုအလေးထား ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။ ထို့အပြင် အပူချိန်မြင့်မားခြင်းနှင့် ခြောက်သွေ့မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် မီးလောင်လွယ်သည့်ပစ္စည်းများ စနစ်တကျသိုလှောင်ထားရှိရေးနှင့် မီးငြှိမ်းသတ်ရေးပစ္စည်းများ အသင့်အနေအထားရှိရေးတို့ကိုလည်း ကြိုတင်စီမံဆောင်ရွက်လျက်ရှိသည်။

အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးဆောင်၍ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးဖြန့်ဖြူးရေးလုပ်ငန်း၊ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ ရွှေပြည်သာဈေးနှင့် မြို့မဈေးအကျိုးတော်ဆောင်များ၊ ဈေးသူဈေးသားများနှင့် ဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ပူးပေါင်းအဖွဲ့အနေဖြင့် ဈေးများအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ပြင်ဆင်ထားရှိမှုများ၊ မီးသတ်ရေငုတ်များတွင် ရေရရှိမှုအခြေအနေ၊ မီးသတ်ဆေးဘူးနှင့် မီးငြှိမ်းသတ်ရေးပစ္စည်းများ အသင့်အနေအထားရှိမှု၊ လျှပ်စစ်လိုင်းများနှင့် လျှပ်စစ်ပစ္စည်းများအန္တရာယ်ကင်းရှင်းမှု ရှိ၊ မရှိတို့ကို စစ်ဆေးခဲ့ကြသည်။

ထို့ပြင် အပူချိန်မြင့်မားသည့်ကာလအတွင်း မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးအတွက် ဈေးသူဈေးသားများအနေဖြင့် လျှပ်စစ်ပစ္စည်းများကို မလိုအပ်ဘဲ အသုံးပြုခြင်းမပြုရန်၊ ဆိုင်ပိတ်ချိန်တွင် လျှပ်စစ်မီးများနှင့် လျှပ်စစ်ပစ္စည်းများအား စနစ်တကျပိတ်ထားရန်၊ မီးလောင်လွယ်သည့်ပစ္စည်းများကို မီးအပူပေးစက်များနှင့် အဝေးတွင်ထားရှိရန်နှင့် မီးလောင်မှုဖြစ်ပွားပါက အချိန်မီ အရေးပေါ်တုံ့ပြန်နိုင်ရေးတို့နှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ယင်းအပြင် ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာများ ရရှိစေရန်အတွက် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင် (Pamphlet) များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

08-Oct-2026