ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် (၆၂) နှစ်မြောက်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားတက်ရောက်
ပုသိမ် အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ (၆၂) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ်များကို သိရှိနားလည်ပြီး အဖွဲ့အစည်းကောင်းတစ်ခု၏ အနှစ်သာရဖြစ်သည့် စိတ်ဓာတ်ကောင်းမွန်ခြင်း၊ စည်းကမ်းကောင်းမွန်ခြင်း၊ စွမ်းရည်ပြည့်ဝခြင်းနှင့် တာဝန်ကျေပွန်ခြင်း စသည်တို့ကို စဉ်ဆက်မပြတ် ဆက်လက်ခံယူ လေ့ကျင့်ပြီး လူမှုအဖွဲ့အစည်း တစ်ရပ်လုံးကို တရားဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ကြရန်လိုပါကြောင်း ပြည်သူလူထု၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာတွင်လည်း ရဲလုပ်ငန်းကျွမ်းကျင်မှု၊ ရိုးသားဖြောင့်မတ်မှု တို့ကို အခြေခံပြီး သမာသမတ်ရှိစွာ ကြိုးပမ်းဆောင်ရွက်သွားကြရန်” ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ရဲချုပ်၏ သဝဏ်လွှာအား ဖတ်ကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ရဲချုပ်၏ အမှုထမ်းကောင်းလက်မှတ်၊ တိုင်းရဲတပ်ဖွဲ့မှူး၏ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေ များကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူများအား ချီးမြှင့်ခဲ့ပြီးနောက် (၆၂)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဗီဒီယိုပြသမှုအား ကြည့်ရှုအားပေးခဲ့ကာ ပြခန်းများကို လှည့်လည် ကြည့်ရှုခဲ့ကြသည်။