ဧရာဝတီတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
ပုသိမ် စက်တင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မွန်းလွဲပိုင်းကတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ (၁)၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများက Video conferencing ဖြင့်တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“အယ်လ်နီညိုရာသီဥတုနှင့်ပတ်သက်၍ မိုးလေ ဝသနှင့် ဇလဗေဒညွှန်ကြားမှူးဦးစီးဌာနမှ သတင်းများထုတ်ပြန်ဆောင်ရွက် ပေးနေသကဲ့သို့ အခြားသောသတင်းဌာနများကလည်း ဖော်ပြလျက်ရှိပါကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် မုန်တိုင်းနှင့် ဆက်စပ်ပြီး တနင်္သာရီတိုင်းဒေသကြီးတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပါကြောင်း၊ သဘာဝဘေးသည် ကမ္ဘာ့နေရာအနှံ့၌ ဖြစ်ပေါ်လျက်ရှိနေပါကြောင်း၊ အယ်လ်နီညိုရာသီ ဥတုနှင့်ပတ်သက်၍ မိမိတို့တိုင်းဒေသကြီးတွင်လည်း ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ကြရမှာ ဖြစ်ပါကြောင်း၊ ချောင်းကော၊ မြောင်းကောများကို စည်ပင်သာရေးအဖွဲ့က စက်ယန္တရားများဖြင့် တူးဖော်ဆောင်ရွက်သွားရန်နှင့် ရေသွင်းရေထုတ်မြောင်းများ၊ ချောင်းများကိုလည်း ရေစီးရေလာ ကောင်းမွန်စေရေး သက်ဆိုင်ရာဌာနက တူးဖော်ဆောင်ရွက်သွားရန်လည်း လိုအပ်မည်ဖြစ် ပါကြောင်း၊ သောက်သုံးရေရှားပါးမှုမဖြစ်ပေါ်စေရေးအတွက်လည်း ရေငန်ဝင်ရောက်သည့် ဖျာပုံခရိုင်၊ လပွတ္တာခရိုင်တို့တွင် ရေချိုရရှိရေးအတွက် ကြိုတင်စုဆောင်းထားရှိရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ မိုးရာသီအကုန်တွင် သောက်သုံးရေနှင့် စိုက်ပျိုးရေရှားပါးမှု မကြုံတွေ့ရစေရန် ရေချိုထိန်းသိမ်းခြင်း၊ မိုးရေစုဆောင်းခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် စိုက်ဧကများအောင်ရေရရှိရေးနှင့် ရေချိုရရှိရေးအတွက်လည်း သက်ဆိုင်ရာဌာနများက ကြိုတင် စီမံဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အယ်လ်နီညိုကြောင့် အပူရှိန်မြင့်မားပြီး ရာသီဥတုပူပြင်း ခြောက်သွေ့မှုကြောင့် မီးဘေးအန္တရာယ်ဖြစ်ပွားနိုင်ခြေများပါကြောင်း၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် မီးသတ်တပ်ဖွဲ့အပါအဝင် သက်ဆိုင်ရာဌာနများအနေဖြင့် မီးဘေးလုံခြုံ ရေးများကြိုတင်စီမံဆောင်ရွက်ခြင်း၊ အပူဒဏ်ရှောင်စခန်းများ သတ်မှတ်ပေးခြင်း၊ သောက်သုံးရေ ရရှိရေး စီမံပေးခြင်းနှင့် ဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ထိရောက်စွာ တုံ့ပြန်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုပါကြောင်း” ပြေကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ခရိုင်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များမှ ယနေ့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော မြန်မာနိုင်ငံ၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိခဲ့ပြီး လက်ရှိ အခြေအနေတွင် မြန်မာနိုင်ငံ၊ မုတ္တမကွေ့အနီးမှ ဖြတ်ကျော်နိုင်သဖြင့် အနီရောင်အဆင့် သတ်မှတ်ထားရှိမှု၊ မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း၊ သတိပေးနှိုးဆော်ချက်နှင့် အကြံပြုချက် ထုတ်ပြန်ဆောင်ရွက်ထားရှိမှုများ၊ အယ်လ်နီညို ဖြစ်စဉ်ကြောင့် အစွန်းရောက်မိုးလေဝသ ဖြစ်စဉ်များဖြစ်ပေါ်နိုင်ပြီး အပူချိန်လွန်ကဲခြင်း၊ မိုးခေါင်ရေရှားခြင်း ဖြစ်ပေါ်လာနိုင်မှု၊ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် စုဖွဲ့ထားရှိမှု၊ တိုင်းဒေသကြီးအတွင်း ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်မှု၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ ကြိုတင်စုစည်းထားရှိမှု၊ ကယ်ဆယ်ရေး ပစ္စည်းများ သိုလှောင်ထားရှိမှု၊ ကယ်ဆယ်ရေးယာဉ်များ စုဖွဲ့ထားရှိမှု၊ စားနပ်ရိက္ခာနှင့် စက်သုံးဆီ သိုလှောင်ထားရှိမှု၊ ဘေးကင်းလုံခြုံသောနေရာများတွင် သောက်သုံးရေသိုလှောင်ထားရှိမှု၊ ဘေးသင့်ပြည်သူများ နေထိုင်နိုင်မည့် Shelter များပြင်ဆင်ထားရှိမှု၊ ရေကြီးနစ်မြုပ်ဒေသများမှ စာသင်ကျောင်းများနှင့် ရုံးဌာနများ ပြန်လည်ဖွင့်လှစ်မှု၊ လျှပ်စစ်ဓာတ်အားရရှိရေး ပြန်လည် ဆောင်ရွက်နေမှု၊ ရေကြီး နစ်မြုပ်ဒေသများမှ စိုက်ဧကများတွင် သီးနှံများပြန်လည်စိုက်ပျိုးမှုနှင့် အယ်လ်နီညိုဖြစ်စဉ်နှင့် ပတ်သက်၍ ရေချိုရရှိရေးဆောင်ရွက်နိုင်ရေး စာရင်းများကောက်ယူ ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြမှုများနှင့် သဘာဝဘေးဖြစ်ပေါ်ပါက တုံ့ပြန်နိုင်ရေးကြိုတင် စီမံဆောင်ရွက်ထားရှိမှုများနှင့် အယ်လ်နီညို ဖြစ်စဉ်ကြောင့် သောက်သုံးရေနှင့် စိုက်ဧကများတွင် အောင်ရေရရှိရေး ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့သည်။