Galaxy Red Star CO.,LTD (မြန်မာ)နှင့် GCL Green Energy Technology CO,LTD (တရုတ်)တို့ ပူးပေါင်းဆောင်ရွက်မည့် ငွေဆောင်မြို့အတွင်းတွင် 250 မဂ္ဂါဝပ် နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းနှင့် နည်းပညာပိုင်းဆိုင်ရာများ ရှင်းလင်းတင်ပြ

ပုသိမ် စက်တင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့အတွင်းတွင် Galaxy Red Star CO.,LTD (မြန်မာ)နှင့် GCL Green Energy Technology CO.,LTD (တရုတ်)တို့ ပူးပေါင်းဆောင်ရွက်မည့် 250 မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းနှင့် နည်းပညာပိုင်းဆိုင်ရာများကို ကုမ္ပဏီတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်ထံသို့ လာရောက်ရှင်းလင်းတင်ပြခဲ့သည်။

ဦးစွာ ကုမ္ပဏီမှတာဝန်ရှိသူများက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ အတွင်းရှိ မြေလွတ်၊ မြေရိုင်း ဧက ၁၀၀၀ ပေါ်တွင် တည်ဆောက်မည့် ၂၅၀ မဂ္ဂါဝပ် (250 MW) နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းဆိုင်ရာ နည်းပညာပိုင်းဆိုင်ရာများ၊ စီမံကိန်း၏ဒီဇိုင်းရေးဆွဲသည့် အဆင့်မှစ၍ အဆင့်အလိုက်ဆောင်ရွက်ပြီး မဟာလျှပ်စစ်ဓာတ်အား လိုင်းသို့ ချိတ်ဆက်ဆောင်ရွက်မည့် အခြေအနေများ ၊ ဆိုလာစနစ်သည် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပိုမိုမြန်ဆန်စွာ ဖြည့်ဆည်းပေးနိုင်သည့် အဓိက အားသာချက်များအား ရှင်းလင်းတင်ပြပြီးနောက် ဌာနဆိုင်ရာများက သက်ဆိုင်ရာ ကဏ္ဍအလိုက် အထွေထွေ ဆွေးနွေး တင်ပြခဲ့ကြသည်။

ထို့သို့ တင်ပြဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မိမိတို့တိုင်းဒေသကြီး အတွင်း လျှပ်စစ်ဓာတ်အားလုံလောက်စွာ ရရှိရေးအတွက် ဦးစားပေးအနေဖြင့် ဆောင်ရွက်လျက် ရှိပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် လုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပုသိမ်စက်မှုစီမံကိန်းတွင် မဂ္ဂါဝပ် ၃၀ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အား လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံကိန်း လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ကုမ္ပဏီဘက်ကလည်း စီမံကိန်းနှင့်ပတ်သက်ပြီး လုပ်ငန်းများမြန်ဆန်ပြီးမြောက်အောင်မြင်စေရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည် များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း” ဆွေးနွေးပြောကြားခဲ့သည်။

28-Sep-2026