ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အုပ်ချုပ်သူ၊ နည်းပြ၊ ပံ့ပိုးသူများနှင့် တွေ့ဆုံ
ပုသိမ် စက်တင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)တွင် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အုပ်ချုပ်သူ၊ နည်းပြ၊ ပံ့ပိုးသူများနှင့် တွေ့ဆုံခဲ့ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းမြှင့်တင်နိုင်ရေးနှင့် ဗဟိုအဆင့်ပြိုင်ပွဲတွင် အောင်မြင်မှုများရရှိနိုင်ရေးတို့ကို ဆွေးနွေးခဲ့သည်။
ထိုကဲ့သို့တွေ့ဆုံစဉ် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က“(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးဗဟိုအဆင့်ပြိုင်တွင် အောင်မြင်စွာ ပါဝင်ယှဉ်ပြိုင် နိုင်ရေးအတွက် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ပြိုင်ပွဲများ ပြုလုပ်ရွေးချယ်၍ အကောင်းဆုံး ပြိုင်ပွဲဝင်များအား ရွေးချယ်ပြီး စခန်းသွင်းလေ့ကျင့်ပြင်ဆင်လျက်ရှိပါကြောင်း၊ ဗဟိုအဆင့်ပြိုင်ပွဲ မသွားရောက်မီ အဖက်ဖက်မှ ပြင်ဆင်ထားရှိပြီး စနစ်တကျလေ့ကျင့်နေရန်လိုအပ်ပါကြောင်း၊ မိမိတို့အဖွဲ့တွင် ပါဝင်သည့် နည်းပြများနှင့် အုပ်ချုပ်သူများသည် အရည်အသွေးရှိပြီး အတွေ့ အကြုံ ရင့်ကျက်သည့်ပညာရှင်များဖြစ်သဖြင့် အကောင်းဆုံး သင်ကြားလေ့ကျင့်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ယခင်နှစ်ပြိုင်ပွဲများတွင် တတိယနေရာအထိ ရရှိခဲ့ဖူးသည့် အတွေ့အကြုံများရှိပြီးဖြစ်ပါကြောင်း၊ စခန်းသွင်းလေ့ကျင့်စဉ်ကာလအတွင်း လိုအပ်ချက်များရှိပါက ပွင့်လင်းစွာတင်ပြကြရန်နှင့် သွားရောက်သည့်အခါတွင်လည်း အားလုံး စည်းလုံးညီညွတ်စွာဖြင့် အကောင်းဆုံးပါဝင်ဆောင်ရွက်ကြရန် လိုပါကြောင်း”ဆွေးနွေး ပြောကြားသည်။
ထို့နောက် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက ဘာသာရပ် အလိုက်ယှဉ်ပြိုင်မည့် အုပ်ချုပ်သူ၊ နည်းပြ၊ ပံ့ပိုးသူများစာရင်း၊ ဗဟိုအဆင့်ပြိုင်ပွဲတွင် အောင်မြင်မှု ရရှိရေးအတွက် စခန်းသွင်းလေ့ကျင်မှုအခြေအနေများနှင့် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များမှ အဆင့်မီမီယှဉ်ပြိုင်ပြီး အောင်မြင်များရရှိရေး ဆောင်ရွက်သွားမည့် အခြေအနေ များကို ရှင်းလင်းဆွေးနွေးတင်ပြပြီးနောက် အစည်းအဝေးသို့ တက်ရောက်လာသူများနှင့် အုပ်ချုပ်သူများ၊ နည်းပြများနှင့် ပံ့ပိုးကူညီသူများက ပြိုင်ပွဲဆိုင်ရာ လုပ်ငန်းများနှင့် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ သက်ဆိုင်ရာခရိုင်များအလိုက် ပြိုင်ပွဲဝင်များ၏ လေ့ကျင့်ပြင်ဆင်မှု၊ လိုအပ်ချက်များနှင့် အောင်မြင်မှုရရှိရေး ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးဗဟိုအဆင့်ပြိုင်ပွဲတွင် တိုင်းဒေသကြီး ကိုယ်စားပြုအသင်း အောင်မြင်မှုရရှိရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။