ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် မအူပင်မြို့နယ်၊ တလုပ်လပ်အရှေ့ကျေးရွာတွင် ဥစားကြက် မွေးမြူရေးလုပ်ငန်းအား ကြည့်ရှုအားပေး
ပုသိမ် စက်တင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ မအူပင်မြို့နယ်၊ တလုပ်လပ်အရှေ့ကျေးရွာရှိ ပိုင်ရှင်ဒေါ်ကြူကြူ၏ အအေးခန်းစနစ်ဖြင့်မွေးမြူသည့် ဥစားကြက်မွေးမြူရေးခြံ ၅ ခြံတွင် ဥစားကြက် ကောင်ရေ ၁၂၀၀၀၀ နှင့် ဥစားကြက်ပေါက်မွေးခြံ ၂ ခြံတွင် ကြက်ကောင်ရေ ၃၀၀၀၀ မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ပြီး ခြံတာဝန်ရှိသူများက အအေးခန်းကြက်ခြံများဖြင့် ဥစားကြက်များကို နှစ်စဉ် တိုးတက်မွေးမြူလာမှု၊ ဥစားကြက် ကောင်ရေ ၁၂၀၀၀၀ မှ တစ်နေ့လျှင်ပျမ်းမျှ ဥအလုံးရေ ၉၀၀၀၀ မှ ၁၀၀၀၀၀ ကြား ထုတ်လုပ်ရရှိမှု၊ တိုင်းဒေသကြီးအတွင်းသို့ ၇၀ ရာခိုင်နှုန်းနှင့် တိုင်းပြင်ပသို့ ၃၀ ရာခိုင်နှုန်း ဖြန့်ဖြူးရောင်းချမှုအခြေအနေများ၊ ညောင်တုန်းမြို့နယ်၊ မဲဇလီဒလကျေးရွာအုပ်စုတွင် အဆင့်မြင့်ကြက်အိမ် အပူ/အအေးထိန်းစနစ်၊ လေထုစိုထိုင်းမှုထိန်းစနစ်၊ Automatic Egg Conveyor System နှင့် Waste Management System ဖြင့် ဥစားကြက်မွေးမြူရေးနှင့် ကြက်ဥ ထုတ်လုပ်ရေးစက်ရုံတည်ဆောက်မည့်အခြေအနေများ၊ နှစ်အလိုက် ကြက်အကောင်ရေနှင့် ကြက်ဥအလုံးရေ တိုးတက်ထုတ်လုပ်နိုင်မည့် အခြေအနေများ၊ သဘာဝကြက်ချေးမြေဩဇာ ထုတ်လုပ်ဖြန့်ဖြူးမည့် အခြေအနေများနှင့် ရန်ကုန်၊ မန္တလေးနှင့် ပုသိမ်မြို့များသို့ တင်ပို့ ရောင်းချမည့်အခြေအနေများကိုရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း အသား၊ ငါး၊ ဥ ဖူလုံပိုလျှံမှုရှိစေရေး၊ ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ထုတ်လုပ်မှုစရိတ်လျော့နည်းစေရေး၊ ကုန်ဈေးနှုန်းကျဆင်းစေရေးတို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။